ကျိုက်ထိုမှာတိုက်ပွဲအပြီး ကျေးရွာတွေထဲ တပ်စွဲထားတာကြောင့် ဒေသခံ တထောင်ကျော်နေရပ်မပြန်နိုင်

မတ်၊ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်ကစပြီးဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ တထောင်ကျော်ဟာ ဒီကနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတော်လှန်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

ကျိုက်ထို မြို့နယ်၊ ငှက်ပျောတောကျေးရွာအတွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင်ဝင်ရောက်စစ်ကြောင်းထိုးခဲ့လို့ စစ်ကောင်စီနဲ့  ကေအန်ယူ တပ်မဟာ( ၁ )KNLA ပူးပေါင်းအဖွဲ့ နဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ ဌက်ပျောတောကျေးရွာအတွင်းက နေအိမ်နဲ့ ရွာအနီးက ရာဘာခြံတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်လက်ရှိအချိန်ထိ စစ်တပ်က ရွာထဲတပ်စွဲထားတာကြောင့် ဒေသခံတွေဟာပဲခူးတိုင်းနဲ့မွန်ပြည်နယ်ထိစပ်တဲ့တောတောင်အတွင်းကိုတိမ်းရှောင်နေကြရတယ်လို့စစ်ရှောင်ဒေသခံတွေကပြောပါတယ်။

“ငှက်ပျောတော ဘက်ကိုစစ်ကြောင်းထိုးလာတာ။  ဒီဘက်တော်လှန်ရေးအဖွဲ့ကကြားဖြတ်တိုက်ခိုက်ရင်းတိုက်ပွဲဖြစ်သွားတယ်။ တိုက်ပွဲလည်းပြီးရော မကြာဘူး။ရွာထဲကအိမ်တွေကိုကောအနားကရာဘာခြံတွေပါမီးရှို့လိုက်လို့အကုန်ပြေးရတယ်။ တချို့ကကင်းမွန်ချောင်းဘက်ရှောင်တယ်။ တချို့ကတော့အသိရှိတဲ့ချောင်းဂွေ့ဘက်ရှောင်ကြတယ်။ တောထဲမှာဝင်ရှောင်နေရတဲ့သူတွေရှိနေတယ်” လို့ စစ်ဘေးရှောင်တဦးကပြောပါတယ်၊

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဌက်ပျောတောရွာအတွင်းတပ်စွဲထားတာကြောင့် တောတောင်တွေထဲစစ်ရှောင်နေရတဲ့စစ်ရှောင်တွေဟာ နေရပ်မပြန်ရဲပဲ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့KNLA၊PDFပူးပေါင်းအဖွဲ့ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာတော်လှန်ရေးအင်အားစုအဖွဲ့ကအထိအခိုက်မရှိခဲ့ဘူးလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ကေအန်ယူ တပ်မဟာ (၁)နယ်​မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်ကြားတိုက်ပွဲမ​ဖြစ်ပွားခဲ့တာ၃လနီးပါးကြာမြင့်နေပြီဖြစ်ပြီလို့လည်းသိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အခြေအနေတွေရှိသလို ရန်ကုန်-မော်လမြိုင်လမ်းမအနီးမှာလည်း  စစ်ကားမိုင်းဆွဲခံရတာတွေပြန်လည်ဖြစ်ပေါ်လာတဲ့အတွက်ဒေသခံတွေအနေနဲ့သတိထားသွားလာကြဖို့တော်လှန်ရေးအဖွဲ့ကအသိပေးထားပါတယ်။