ပြည်ပရောက်သူတွေကို ပြန်လာနိုင်ဟု စစ်ကောင်စီ ထုတ်ပြန်၊ စစ်ကောင်စီကို မယုံကြည်ဟု တိမ်းရှောင်နေသူတွေ တုန့်ပြန်

စစ်ကောင်စီရဲ့ အန္တရာယ်ကို စိုးရိမ်တာကြောင့် ပြည်ပနိုင်ငံတွေနဲ့ လွတ်မြောက်နယ်မြေတွေမျာ ရှောင်တိမ်းနေရသူတွေကို မိမိဆန္ဒနဲ့ ပြန်လာနိုင်တယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်လိုက်ပါတယ်။ 

ဒီထုတ်ပြန်နဲ့ပတ်သက်လို့ DNA က ဆက်သွယ်မေးမြန်းခဲ့တဲ့ တိမ်းရှောင်နေရသူ ၁၂ ဉီးက စစ်ကောင်စီကို မယုံကြည်ကြောင်းနဲ့ ပြည်တွင်းကိုပြန်လည်ဝင်‌ရောက်လိုသော်လည်း စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ မပြန်လိုကြောင်း ဖြေကြားခဲ့ကြပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ဉီးဆောင်ကော်မတီဝင် ဦးထွန်းကြည်က “ ဒါကတော်လှန်ရေး အင်အားစုတွေ ဓမ္မဘက်တော်သားတွေအပေါ်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်တယ်။ ဒီအပေါ်မှာတော့ တို့ကသွားပြီးတော့ လက်ခံလို့မရဘူး။အသိမှတ်ပြုလို့မရဘူး။ကြိုဆိုလို့မရဘူး။ထောက်ခံလို့မရဘူး။သူတို့မှာက ရည်ရွယ်ချက်တွေ ရှိထားပြီးသား အဲ့ဒီရည်ရွယ်ချက်ကို ပေါက်မြောက်အောင်လုပ်မှာ ။အဲ့တော့ အဲ့ဒါနဲ့ပတ်သက်လို့ ယုံကြည်စရာ ဘာအကြောင်းမှ မရှိဘူး ” လို့ DNA ကို ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ယခုဖြစ်စဉ်ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဉီများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဉီများအားဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့် ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက် ပေးမယ်လို့ ဖော်ပြထားပါတယ်။

အာဏာမသိမ်းခင်က Field Service Engineer အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ ကိုဇာနည် က “ အခုက သူတို့ကို မဆန့်ကျင်တဲ့သူတွေကိုပဲ ပြန်ဖိတ်ခေါ်တာဖြစ်တယ်။ ဒီတော့ သူတို့နဲ့ ဆက်သွယ်ပြီးပြန်ရင် သူတို့ကိုလက်ခံတာပဲ။ ဒါက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာပဲ။ ယုံပြီးပြန်စရာ ဘာအကြောင်းမှ မရှိဘူး  ” လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြန်လည်ဝင်ရောက်ဖို့ ကြေညာချက်တွေထုတ်ပေမယ့် ပြီးခဲ့တဲါဇန်နဝါရီလက ထိုင်းနိုင်ငံကနေ မွန်ပြည်နယ်၊ကျိုက်ထိုမြိုံ၊ကော့ထင်းရွာကို ပြန်လာတဲ့ အွန်းလိုင်းဆယ်လီအောင်ချမ်းအေးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

စစ်ကောင်စီက သူ့ကို့ အာဏာသိမ်းတာကိုဆန့်ကျင်တဲ့လှုပ်ရှားမှုမှာပါတယ်ဆိုပြီး ပုဒ်မ ၅၀၅ထုတ်ထားတယ်လို့ လည်းသတင်းတွေမှာဖော်ပြထားပါတယ်။ ပြည်တွင်းကို ပြန်လည်ဝင်‌ရောက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာ သံရုံးတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းမှာ တိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်းကို ပြန်ဝင်မယ်ဆိုရင် သံရုံးကိုဆက်သွယ်နိုင်တယ်လို့ ထပ်ဆင့်အသိပေးထားပါတယ်။ ဒီအသိပေးစာအောက်မှာတော့ စစ်ကောင်စီကို မယုံကြည်ကြောင်း မှတ်ချက်တွေကို အများစုတွေ့မြင်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီလ၁ရက် စစ်တပ်ကအာဏာသိမ်းအပြီးမှာ နိုင်ငံရေးသမားတွေ၊တက်ကြွလှုပ်ရှားသူတွေ၊ CDMလှုပ်ရှားမှုမှာပါဝင်သူတွေ၊ အနုပညာရှင်တွေ ၊သတင်းမီဒီယာသမားတွေအပါအဝင် သိန်းနဲ့ချီတဲ့သူတွေဟာ ထိုင်းနိုင်ငံအပါအဝင်တခြားနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေရတာပါ။


Photo – Social Media