ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံပိတ်သိမ်း အလုပ်သမားထောင်ချီ အလုပ်လက်မဲ့ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေဟာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့  GTIG၊ GY Sen အထည်ချုပ်စက်ရုံတွေဖြစ်ပြီး စက်ရုံတရုံမှာ အလုပ်သမား ၁၀၀၀ ကျော်စီ အလုပ်လုပ်ကိုင်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

စက်ရုံပိတ်သိမ်းမယ့်အကြောင်းကို အလုပ်သမားတွေကို ကြိုတင်အကြောင်းကြားကြေညာတာမရှိဘဲ ပိတ်သိမ်းလိုက်တာဖြစ်ပြီး ဘယ်လိုပုံစံနဲ့ ပိတ်သိမ်းတယ်ဆိုတာကိုလည်း အလုပ်သမားတွေ သိရတာမရှိဘူးလို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။

ဒါပေမယ့် စက်ရုံက အဓိကချုပ်လုပ်နေတဲ့ Primark  Brand က အာဏာသိမ်းပြီး မတ်လ ၃၁ ရက်ကတည်းက မြန်မာနိုင်ငံက ထွက်ခွာမယ်လို့  ကြေညာထားတာဖြစ်တယ်လို့လည်း ဆက်သိရပါတယ်။

“ စက်ရုံတွေက အလုပ်သမားတွေရော၊ သမဂ္ဂတွေကရော သူတို့ ဘယ်လိုသိထားကြလဲဆိုတော့ အလုပ်ရှင်က စက်ရုံပိတ်မယ်ဆိုရင် ငါတို့အလုပ်ထွက်ရမယ်၊ သူတို့ဒါပဲသိတယ်။ တရားဝင်စာတင်ပြီးတော့ ခွင့်ပြုချက်နဲ့ပိတ်တာလား၊ ယာယီလား၊ အပြီးပိတ်သိမ်းတာဆိုရင်တော့ ပြောစရာမလိုဘူး။ ယာယီဆိုရင်တော့ နောက်ထပ်စက်ရုံပြန်လည်ပတ်တဲ့အခါ သူတို့ကို အလုပ်ပြန်ပေးဖို့ဆိုတဲ့ စာချုပ်တွေချုပ်ရတယ်။ ဒါတွေကို သူတို့နားမလည်ဘူး။ နားလည်တဲ့အခါမှ စာချုပ်တွေပြန်ချုပ်မယ်ဆိုတော့ လုပ်ငန်းရှင်ကရော၊ Brandကရော လက်မခံတော့ဘူး” လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)ရဲ့ တာဝန်ရှိသူတဦးက အခြေအနေကို သုံးသပ်ထားပါတယ်။ 

လက်ရှိမှာတော့ စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမား ၂၀၀၀ ကျော်ဟာ အလုပ်လက်မဲ့ဖြစ်နေသလို အလုပ်အကိုင်အခွင့်အလမ်းခက်ခဲတဲ့ အခြေအနေတွေကြောင့် အလုပ်တွေပြန်ရဖို့ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်နေကြပါတယ်။

စက်ရုံဘက်ကတော့ စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက်  နိုစ့်တစ်ကြေးနဲ့ လုပ်သားနစ်နာကြေးတွေကို တရားဥပဒေအရ ပေးသွားမယ်လို့လည်း သိရပါတယ်။ 

အလုပ်သမား သမဂ္ဂတွေဘက်ကတော့ စက်ရုံအနေနဲ့ အလုပ်သမားတွေကို ကြိုတင်ကြေညာတာမရှိဘဲ စက်ရုံပိတ်သိမ်းလိုက်တဲ့အပေါ် တရားဥပဒေနဲ့အညီ ညှိနှိုင်းမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် အလုပ်သမားအများစုကတော့ လက်ရှိအခြေအနေအရ နစ်နာကြေးနဲ့ပဲ ကျေနပ်လိုက်ရတယ်လို့လည်း သိရပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာက လာရောက်ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီကြီးတွေ တစစနဲ့ ထွက်ခွာကြသလို  ပြည်တွင်းအထည်ချုပ်စက်ရုံ ရာနဲ့ချီပြီး ပိတ်သိမ်းခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူဦးရေ  ၁ ဒသမ ၆ သန်းလောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အဲဒီထဲက သုံးသိန်းကျော်လောက်ကတော့ အထည်ချုပ်အလုပ်သမားတွေဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း ထုတ်ပြန်ထားပါတယ်။

Photo – STUM