ခရီးသည်တွေကို ဥတ္တရ အလင်းတန်းတွေ မြင်ခွင့်ရအောင် နောက်ကြောင်းလှည့် ပျံပေးခဲ့တဲ့ လေယာဉ်မှူး

မတ်လ၊ ၁

မြောက်ယဉ်စွန်းတန်း တဝိုက်မှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ လှပတဲ့ ဥတ္တရ အလင်းတန်းတွေကို ခရီးသည်တွေ မြင်တွေ့ ခံစားခွင့် ရစေချင်တာကြောင့် လေယာဉ်မှူး တဦးက လေယာဉ်ကို နောက်ကြောင်းပြန်လှည့်ပြီး ပျံသန်းပေးခဲ့ပါတယ်။

 EasyJet လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးဟာ အခုသီတင်းပတ် အစောပိုင်းက ခရီးစဉ် တခုမှာ ဗြိတိန်နိုင်ငံရဲ့ ကောင်းကင်ယံမှာ ဖြစ်ပေါ်နေတဲ့ ရောင်စုံ အလင်းတန်းတွေကို ခရီးသည်တွေ သေသေချာချာ တွေ့မြင်စေချင်တဲ့အတွက် လေယာဉ်ကို ပတ်ပျံပေးခဲ့တာပါ။

EasyJetရဲ့ လေယာဉ်ဟာ အိုက်စ်လန် နိုင်ငံကနေ ဗြိတိန်ရဲ့ မန်ချက်စတာမြို့ဆီ ဦးတည်နေခဲ့တာပါ။ လေယာဉ် နောက်ကြောင်း ပြန်လှည့်ပေးတာကြောင့် ခရီးသည်တွေဟာ ဘေးဖက် ပြတင်းပေါက်တွေကနေတဆင့် ထူးခြားလှပတဲ့ သဘာဝ ဖြစ်စဉ်ကို နီးနီးကပ်ကပ် ထိတွေ့ ခံစားခွင့် ရခဲ့ကြပါတယ်။

လေဆိပ်မှာ ပျော်ပျော်ရွှင်ရွှင် ဆင်းသက်လာကြတဲ့ ခရီးသည်တွေက လေယာဉ်မှူးရဲ့ ကြင်နာမှုနဲ့ အလိုက်သိမှုတွေကို တခုပ်တရ ကျေးဇူးတင်စကား ပြောခဲ့ပြီး လေယာဉ် ပြန်လှည့်ပေးလို့သာ အထူးခြားဆုံး ခရီးစဉ် တခုကို ဖြတ်သန်း ကြုံတွေ့နိုင်ခဲ့ကြတာလို့ ဆိုပါတယ်။

EasyJetရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်တဲ့တိုင်အောင် ခရီးသည်တွေ ကျေနပ် နှစ်သိမ့်စေဖို့ လေယာဉ်လမ်းကြောင်း ပြောင်းလဲ ပျံသန်းခဲ့တာဖြစ်ကြောင်း၊ လေကြောင်းလိုင်းရဲ့ ဝန်ထမ်းတွေဟာ ခရီးသည်တွေ စိတ်ချမ်းသာဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပြီး ဒီလို ထူးကဲလှတဲ့ မြင်ကွင်းမျိုးကို ခရီးသည်တွေနဲ့အတူ မျှဝေခွင့် ရခဲ့လို့လည်း ပျော်ရွှင်မိကြောင်း ပြောကြားသွားပါတယ်။ 

လေယာဉ်ဟာ ဖာရိုးကျွန်းစုနားက အလင်းတန်းတွေကို သေသေချာချာ ကြည့်ရှု ခံစားနိုင်စေဖို့အတွက် ၁၀ မိနစ်လောက် ပတ်ပျံပေးခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်တွေ ပြန်လည်မျှဝေတဲ့ ဓာတ်ပုံတွေအရ လေယာဉ် တောင်ပံစွန်းရဲ့ အဝေးမှာ ပန်းရောင်နဲ့ အစိမ်းရောင် ရောနှောထားတဲ့ အလင်းရောင်တွေ လှလှပပ ယှက်ဖြာနေတာကို တွေ့ရပါတယ်။

Ref: BBC