ယူကရိန်း ဒရုန်းတွေ ခြိမ်းခြောက်မှုကြောင့် လေကြောင်းကာကွယ်ရေး အစီအမံတွေ မြှင့်တင်ဖို့ ပူတင် ညွှန်ကြား

မတ်လ၊ ၁

ယူကရိန်းရဲ့ ဒရုန်းတွေက နိုင်ငံပိုင်နက်ထဲထိ အတော်လေး နက်နက်ရှိုင်းရှိုင်း ဝင်ရောက် ပျံသန်းခဲ့တဲ့နောက် လေကြောင်းကာကွယ်ရေး အစီအမံတွေ ပိုမိုမြှင့်တင်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စစ်တပ်ကို ညွှန်ကြားထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဟာ ရုရှားနိုင်ငံ အတွင်းပိုင်းထိ ဒရုန်းတွေ အကြိမ်တော်တော်များများ စေလွှတ်ခဲ့သလို စစ်ဆင်ရေး ဆင်နွှဲပြီး တိုက်ခိုက်တာမျိုးတွေတောင် ရှိခဲ့ပါတယ်။ ဒါ့အပြင် တချို့ဒရုန်းတွေဟာ နယ်စပ်ကနေ ကီလိုမီတာ ရာဂဏန်းလောက်ထိ အကွာအဝေးရောက်အောင် ပျံသန်းခဲ့ပါတယ်။

ဒီအခြေအနေတွေက ရုရှားရဲ့ လေကြောင်းကာကွယ်ရေး ကွန်ရက်မှာ ယိုပေါက်တွေ ရှိနေတယ်ဆိုတာ မြင်သာလာစေပြီး ပူတင်က နယ်စပ်တလျှောက် လေကြောင်း ကာကွယ်ရေး စွမ်းရည် မြှင့်တင်ဖို့ ကတိုက်ကရိုက် အမိန့်ပေးထားရတာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်း ဒရုန်းတွေဟာ ကြီးကြီးမားမား အန္တရာယ် မပေးနိုင်သလို အဲဒီ ဒရုန်းတွေကြောင့် ထိခိုက် ဒဏ်ရာရသူတွေ မရှိပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်း ဧရိယာတချို့မှာ ဒရုန်းနဲ့ ဖြန့်ကျက် တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ယူကရိန်းကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ပါလို့ အတိအလင်း ဝန်ခံမထားသေးပါဘူး။

ရုရှား မီဒီယာတွေရဲ့ အဆိုအရ ဒရုန်းတစီးဟာ ဂူဘာစတိုဗို ရွာနားထိ ရောက်ရှိလာပြီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီရွာဟာ မော်စကို မြို့တော်နဲ့ ကီလိုမီတာ ၁၀၀ တောင် မဝေးတော့ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ အဲဒီဒရုန်းဟာ အရပ်ဖက် အခြေခံ အဆောက်အအုံ တခုကို ပစ်မှတ်ထားခဲ့ဟန် ရှိပေမယ့် ဘယ်လို ထိခိုက်ပျက်စီးမှုမျိုးမှ မဖြစ်ပေါ်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

အဲဒီဒရုန်းဟာ ယူကရိန်းလုပ် အရွယ်ခပ်သေးသေး အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၈၀၀ လောက်ထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ သယ်ယူတပ်ဆင်နိုင်စွမ်းမျိုးတော့ မရှိပါဘူး။

ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းကလည်း ယူကရိန်းရဲ့ ဒရုန်း ၃ စီးဟာ ရုရုားပိုင် ဘယ်လ်ဂိုရော့ဒ် ဒေသထဲထိ ရောက်ရှိလာပြီး ၁ စီးက နေအိမ် တိုက်ခန်းတခုရဲ့ ပြတင်းပေါက်ထဲ ခွဲဝင်လာခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေကြောင့် အဆောက်အအုံနဲ့ ကားတွေမှာ အသေးစား အပျက်အစီး တချို့သာ ရှိခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။

ရုရှား အစိုးရပိုင် RIA Novosti သတင်းဌာနက ခရက်စ်နိုဒါ ဒေသနားမှာ ရေနံချက်စက်ရုံ တခု မီးလောင်ခဲ့ကြောင်းနဲ့ အနီးအနားမှာ ဒရုန်းကြောင့် ပေါက်ကွဲမှု နှစ်ခု ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို သီးခြားစီ ကြေညာသွားပါတယ်။ ဒီဖြစ်စဉ်တွေ ဆက်စပ်မှု ရှိသလား ဆိုတာကိုတော့ တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

ရုရှားမှာတော့ ယူကရိန်းက ဒရုန်းတွေ ရုရှားနိုင်ငံ အတွင်းပိုင်း အတော်ဝေးဝေးထိ ရောက်ရှိလာတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပြီး ပူတင်ရဲ့ အစီအမံတွေနဲ့ ပတ်သက်လို့လည်း စစ်မှုထမ်းဟောင်း တချို့က စတင် ဝေဖန်လာကြပါတယ်။

 ဒါ့အပြင် ရုရှားရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ စိန့်ပီတာစဘက်ဂ်မှာလည်း လေပိုင်နက်ကို ယာယီပိတ်ကြောင်း ကြေညာခဲ့ရဖူးပြီး နိုင်ငံတကာ လေဆိပ်က ခရီးစဉ် အားလုံးကို ဆိုင်းငံ့ခဲ့ရပါသေးတယ်။ အာဏာပိုင်တွေက အကြောင်းရင်း အတိအကျကို မပြောပေမယ့် အမျိုးအမည်မသိ ဒရုန်းတစီး ကျူးကျော် ချဉ်းကပ်မှုကြောင့်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

 Ref: AP