ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာပြန်စာ

ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာကဏ္ဍအတွက် အယ်ဒီတာ့ထံ မေးခွန်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးက — စတီဗင်ရဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ မေးခွန်းကတော့ – ပြည်နယ် နယ်နိမိတ်တွေ ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။ စတီဗင်ရဲ့ မေးခွန်းမှာ – လူမျိုးရေးကိစ္စ အနည်းငယ်ပါလာတာကြောင့် — ဒီမေးခွန်းကို သဘောမျှသာ ဖြေကြားလိုက်ရပါကြောင်း….။ 

တကယ်တော့ ပြည်နယ်တွေကို ဖွဲ့စည်းတဲ့အခါမှာ — အခြေခံအားဖြင့် (၂) မျိုးတွေ့ရပါတယ်။ နံပါတ် (၁) လူမျိုးကို အခြေပြုပြီး ဖွဲ့စည်းတာ။ နံပါတ် (၂) ပထဝီကို အခြေပြုပြီး ဖွဲ့စည်းတာ။ ဒါကို အင်္ဂလိပ်လို ethnic based territory နဲ့ geographical based territory လို့ နားလည်ထားနိုင်ပါတယ်။ လူမျိုးစု ပဋိပက္ခနဲ့ အမှတ်အသားသရုပ် ပြဿနာ (identity conflict) မရှိတဲ့ နိုင်ငံတွေမှာ – ဖက်ဒရယ်စနစ် ကျင့်သုံးရင် ပထဝီကို အခြေပြုပြီး ပြည်နယ်‌နယ်နိမိတ်တွေကို ဖွဲ့စည်းတတ်ပါတယ်။ ဒါကို ဒေသအခြေပြုဖွဲ့စည်းမှုလို့လည်း ခေါ်နိုင်ပါတယ်။ ဒါပေမယ့် လူမျိုးစု ပဋိပက္ခနဲ့ အမှတ်အသားသရုပ် ပြဿနာ ရှိတဲ့ နိုင်ငံတွေမှာတော့ လူမျိုးအခြေပြုပြီး ပြည်နယ်တွေကို ဖွဲ့စည်းတတ်ပါတယ်။ 

ဒီနေရာမှာ အထူးပြုပြောချင်တာကတော့ – ဖြစ်နိုင်ရင် လူမျိုးတွေကို အခြေပြုပြီး ပြည်နယ်တွေကို မဖွဲ့ရင် ဘေးထွက်ဆိုးကျိုး ပိုနည်းနိုင်မယ်လို့ ယူဆပါတယ်။ အကြောင်းကတော့ — ယနေ့ခေတ် ၂၁ ရာစုကို လေ့လာကြည့်ရင် လူမျိုးတွေဆိုတာ ရောထွေးနေထိုင်ကြတာ။ ဒါ့အပြင် လူဆိုတာ ရွှေ့နေ ပြောင်းနေတာမျိုးဖြစ်တယ်။ အတည်တကျ နေထိုင်တာမျိုး ရှားပါးလာပြီ။ လူတွေကလည်း ရွေ့နေကြတယ်။ ဒီတော့ နိုင်ငံတွေအတွင်းမှာ ရှေးယခင်က ဖြစ်တည်တဲ့ လူမျိုးစုတွေရဲ့ ဒီမိုဂရပ်ဖီ (demography) ဟာ ပြောင်းလဲနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်ကအတိုင်း မရွေ့မပြောင်းဘဲ အတည်တကျ စုဖွဲ့နေထိုင်တဲ့ လူမျိုးစုငယ်တွေ ရှိနိုင်ပါသေးတယ်။ သူတို့ကိုတော့ ဌာနေလူမျိုး / ဌာနေတိုင်းရင်းသားတွေလို့ ပြောနိုင်ပါတယ်။ ဒီလို ဌာနေတိုင်းရင်းသားတွေအတွက်ကတော့ — လူမျိုးအခြေပြု ပြည်နယ်ဖွဲ့စည်းတာတွေ ရှိတတ်ပါတယ်။ သို့သော်လည်း ပြည်နယ်အဆင့်အတန်းမျိုး ပေးထိုက် မပေးထိုက်ဆိုတာကတော့ — သက်ဆိုင်ရာနိုင်ငံရေး ကိုယ်စားလှယ်တွေ စဉ်းစားဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ — အထူးအခွင့်အာဏာပေးထားတဲ့ ပြည်နယ် / ဒေသတွေလည်း ရှိတတ်ပါကြောင်း…..။ 

 

အယ်ဒီတာ 

Delta News Agency 

၂၈ – ဖေဖော်ဝါရီ – ၂၀၂၃