ဖေဖော်ဝါရီ၊ ၂၈
ကယား(ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့နယ်မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်းဟာမနေ့ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကိုလက်နက်ကြီးနဲ့အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။
စစ်တပ်လက်နက်ကြီးကြောင့် ကျေးရွာအတွင်း အရပ်သား ၃ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီးအဲဒီထဲက တဦးကတော့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ ဖရူဆို၊ ဒီးမော့ဆိုမှာအခြေစိုက်နေတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲမရှိ၊ စစ်ဇုံမဟုတ်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ထိခိုက်ပျက်စီးတဲ့အကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ လက်ရှိ KNDF နဲ့ စစ်ကောင်စီ PNO တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်စလုံးကျေးရွာမှာ ဖေဖော်ဝါရီ ၂၄ ရက်က စစ်တပ်လက်နက်ကြီးကြောင့် အသက် ၄၆နှစ်အရွယ်အမျိုးသမီးတဦး သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့အနီးက ကျေးရွာတွေမှာ တိုက်ပွဲတွေပြင်းထန်သလိုကယားပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ KNDF တို့ ကြားနေ့စဉ်လိုလိုထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။