ရာဝတီတိုင်းကမြို့နယ်အချို့မှာ အုပ်ချုပ်ရေးမှူး တရာထက်မနည်း စစ်ကောင်စီ အပြောင်းအလဲပြုလုပ်

ဖေဖော်ဝါရီ၊ ၂၇

 ဧရာဝတီတိုင်းက ပုသိမ်၊ကန်ကြီးထောင့်၊ကျုံပျော်၊ဖျာပုံ၊ ဘိုကလေး၊မအူပင်၊ပန်းတနော်၊ညောင်တုန်း၊ဓနုဖြူနဲ့ဟင်္သာတ စတဲ့မြို့နယ်တွေကရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး၁၀၀ ဦးထက်မနည်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး စစ်ကောင်စီကပြောင်းလဲခန့်အပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအပြောင်းအလဲလုပ်ဆောင်ရာမှာစစ်ကောင်စီအပေါ်ထောက်ခံသူတွေနဲ့ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်တွေကိုအများဆုံးပြန်လည်ခန့်အပ်လုပ်ဆောင်နေတာဖြစ်တယ်လို့ပုသိမ်မြို့ရှိရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူကပြောပါတယ်။

” အုပ်ကြီးတွေအပေါ်အရင်လူတွေမထားတော့ဘူး။ အားလုံးနီးပါးတော့မဟုတ်ဘူး။စစ်တပ်ကထောက်ခံတဲ့သူရယ်၊ကြံ့ခိုင်ရေးပါတီအမာခံတွေကိုပဲပြန်ခန့်အပ်ထားတယ်။ ပုသိမ်မြို့မှာဆို ရပ်ကွက်တော်တော်များကအုပ်ချုပ်ရေးမှူးတွေပြောင်းလိုက်ပြီ။အခြားမြို့တွေလည်းအတူတူလုပ်လိုက်တယ်။။ တိုင်းထွေအုပ်ရုံးမှာအစည်းအဝေးခေါ်ပြီးအုပ်ချုပ်ရေးမှူးတွေကိုပြောင်းလဲဖို့ညွှန်ကြားလိုက်တာဖြစ်တယ်” လို့သူကပြောပါတယ်။

အဲဒီလိုရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုအပြောင်းအလဲပြုလုပ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလက်ထက်က အုပ်ချုပ်ရေးမှူးတွေကို အနားပေးလိုက်တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ်(ပီအာ)စနစ်နဲ့ပြောင်းလဲမယ့်စစ်ကောင်စီဟာ ဒေသအချို့က ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေူပါတီဝင်တွေ၊စစ်ကောင်စီကိုထောက်ခံတဲ့ သူတွေနဲ့အစားထိုးခဲ့တာလည်းရှိပါတယ်။

အခုလိုရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးပိုင်းကို​ပြောင်းလဲခန့်အပ်တာအပြင်အခြေခံသေနတ်ပစ်သင်တန်းဖွင့်လှစ်ကာ အုပ်ချုပ်ရေးမှူးတွေအပေါ်လက်နက်ငယ်ကိုင်ဆောင်ခွင့်ပြုထားတယ်လို့လည်းအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

စစ်ကောင်စီအနေနဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုမိမိသဘောနဲ့ပြောင်းလဲနေတဲ့အပေါ်ဒေသခံတွေအနေနဲ့ပုဂ္ဂိုလ်ရေးအရကျေနပ်ချက်မရှိသလို တော်လှန်ရေးအဖွဲ့တွေရဲ့ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ညောင်တုန်းမြို့ခံတဦးကသုံးသပ်ပါတယ်။

“​အခုလိုပြောင်းလဲတာကသူတို့(စစ်ကောင်စီ)ကလုပ်ချင်တာလုပ်တဲ့သဘောပါပဲ။စစ်ကောင်စီကသူတို့သဘောနဲ့ခန့်တာ။ရွာထဲမှာကတော့ဘယ်သူကမှကျေနပ်တဲ့သူမရှိဘူး။အခုလိုခန့်အပ်ထားတော့လည်းတခုကောင်းတာတခုခု​ဖြစ်ရင်သူတို့ပဲအရင်ပစ်သတ်ခံရမှာပဲ” လို့သူကပြောပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၂ ခုနှစ် ၊ဧပြီလကနေ အခု၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီခန့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်အရေအတွက် ၂၀ ဦးထက်မနည်း မြိုပြပျောက်ကြားအဖွဲ့တွေ ပစ်ခတ်ရှင်းလင်းတာခံထားရပါတယ်။