ပူပူနွေး​နွေး ရထားတဲ့ ဆုဖလားကို မေ့ကျန်မလို ဖြစ်ခဲ့တဲ့ တန်ဟက်ဂ်

ဖေဖော်ဝါရီ၊ ၂၇

လတ်တလော ပူပူနွေးနွေး ဆွတ်ခူး ရရှိထားတဲ့ ဆုဖလားကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က မေ့ကျန်ထားမလို ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကာရာဘောင်း (လိဂ်)ဖလား ဗိုလ်လုပွဲစဉ်မှာ နယူးကာဆယ် ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ယူပြီး တန်ဟက်ဂ်ရဲ့ လက်ထက် ပထမဆုံး အောင်မြင်မှု ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နယ်သာလန်သား မန်နေဂျာဟာ ဆုဖလားကို သတင်းစာ ရှင်းလင်းပွဲ ခန်းမထဲထိ ယူလာပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့ပါတယ်။

အဲဒီနောက် တန်ဟက်ဂ်က သူ့ထိုင်ခုံကထ၊ ခန်းမရဲ့ ထွက်ပေါက်ဆီကို ထွက်ခွာသွားပြီး ဆုဖလားကို ယူဆောင်သွားဖို့ မေ့နေခဲ့တာပါ။ ဒီလို တလွဲတချော် ဖြစ်သွားတဲ့အပေါ် တန်ဟက်ဂ်က သူဟာ နောက်ထပ် ဖလားတလုံး ထပ်ရဖို့ စိတ်စောနေတာကြောင့်ပါလို့ အရွှန်းဖောက် တုံ့ပြန်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၇ ကတည်းက အောင်မြင်မှု ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တဲ့ မှတ်တမ်းဆိုးကို လန်ဒန်မြို့က ဝင်ဘလေ ကွင်းကြီးထဲမှာ အကောင်းဆုံး ခြေစွမ်းပြပြီး ချေဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ နောက်ထပ် ပိုမို ကြီးမားတဲ့ အောင်မြင်မှုတွေ၊ ပိုအရေးပါတဲ့ ဆုဖလားတွေအတွက် အခြေခံ အုတ်မြစ် ဖြစ်ဖို့ မျှော်လင့်တယ်လို့လည်း တန်ဟက်ဂ်က ဆိုပါတယ်။

ယုံကြည်မှုကို ဆက်လက် ဆုပ်ကိုင်ထားရင်း မှန်ကန်တဲ့ အရာတွေကို စုစုစည်းစည်း ဆက်လုပ်နေနိုင်ကြမယ်ဆိုရင် အသင်းအနေနဲ့ နောက်ထပ် အောင်မြင်မှုတွေ အများကြီး ရလာဦးမယ်လို့ မျှော်လင့်ကြောင်း တန်ဟက်ဂ်က ဆက်ပြောသွားခဲ့ပါတယ်။

အခုပွဲမှာ အရေးကြီးတဲ့ ဂိုးပေါက်ကာကွယ်မှု တချို့ကို လက်စွမ်းပြ ပြုလုပ်ခဲ့သလို အသင်းဂန္ထဝင်ကြီး ပီတာ ရှမိုက်ကယ်ရဲ့ ပေးဂိုးမရှိ (Clean Sheet) အများဆုံး စံချိန်ဟောင်းကိုပါ ဖြတ်ကျော်လာနိုင်ခဲ့တဲ့ စပိန်ဂိုးသမား ဒေးဗစ် ဒဟေးယားကလည်း ဆုဖလားတွေနဲ့ ကာလရှည်ကြာ ဝေးကွာနေရာကနေ အခုလို အောင်မြင်မှု ပြန်ရလာတဲ့အတွက် ခံစားချက်ကို ထုတ်ပြောဖို့ ခက်ခဲလွန်းကြောင်း၊ ဒါဟာ ခေတ်သစ် တခုရဲ့ အစလို့ ရည်ညွှန်းနိုင်သလို အသင်းက အရာရာအတွက် အသင့်ဖြစ်နေကြောင်း၊ ယူနိုက်တက်ဟာ ဆုဖလားတွေကို အရယူနိုင်စွမ်း ရှိတယ်ဆိုတာ ဒီပွဲမှာ ပြသနိုင်ခဲ့ကြောင်း၊ အသင်းဟာ အောင်ပွဲတွေကို ဆာလောင်တဲ့ စိတ်ဓာတ်မျိုး တည်ဆောက်ထားနိုင်ပြီဖြစ်ပြီး ဒီအရှိန်ကို လျော့မသွားအောင် ထိန်းသိမ်းထားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Ref: ESPN