စစ်ကောင်စီရဲ့ဗျူဟာမြောက် တပ်စခန်းကို ကရင်နီတပ်မတော်ဒရုန်းနဲ့တိုက်ခိုက်

ဖေဖော်ဝါရီ ၊ ၂၆

ထိုင်း-ကရင်နီနယ်စပ်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်စိုးမိုးကုန်းတခုဖြစ်တဲ့ ကျားပါးစပ်ကြီး စစ်စခန်းကို ကရင်နီတပ်မတော် KA အမှတ်(၂) တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နဲ့ ဒရုန်းတပ်ဖွဲ့တို့က စခန်းအနီးချဉ်းကပ်ပြီး ဒရုန်းနဲ့ ဗုံး (၈)လုံး ပစ်ချတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၂၄ ရက်မွန်းလွဲပိုင်းကလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုနဲ့ပျက်စီးဆုံးရှုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) က ခွန်ညေးရယ်က ပြောပါတယ်။ 

“သူတို့က ရိက္ခာပို့ပြီးတော့မှ ဆောင်ရွက်နေတဲ့အချိန်ပေါ့။ ခုက ရှေ့တန်းနယ်စပ်စခန်းတွေမှာ ရိက္ခာအရေးတကြီး လိုအပ်နေတယ်တဲ့ တူတယ်။ ဟိုနေ့ကလည်း သူတို့ ဟတ်စကီးနဲ့ လာပို့ဖို့ သိတော့ တိုက်ခိုက်နိုင်ခဲ့တယ်။ ခုတော့ ကျားပါးစပ်ကြီးစခန်းက အမြောက်တွေ လက်နက်ကြီးတွေ ရှိတယ်ပေါ့။ အခုက ဒရုန်းနဲ့ သွားပစ်ချတာပါ” လို့ သူက ပြောပါတယ်။ 

အဲဒီတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ KA နဲ့ ပူးပေါင်းတပ်တွေဘက်က ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ဟာ ထိုင်း-ကရင်နီနယ်စပ်က စခန်းတွေကို စစ်ကောင်စီရဲ့ ရိက္ခာပို့ချိန်ဖြစ်သလို ကုန်းကြောင်းအပြင် လေကြောင်းကနေပါ နည်းလမ်းမျိုးစုံနဲ့ ရိက္ခာတွေနဲ့ပစ္စည်းတွေ ပို့နေတာကြောင့် တော်လှန်ရေး အင်အားစုတွေကလည်း ပုံစုံမျိုးစုံနဲ့ ဟန့်တားတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

“ဒီအချိန်က ရိက္ခာ ပို့တဲ့အချိန်ပဲလေ။ ခြောက်သွေ့ရာသီဆိုတော့၊ သူတို့ ထပ်ပို့မှာပဲ။ ဘာလို့လည်းဆိုတော့ အဲဒီစခန်းမျိုးတွေက သူတို့အတွက် ခြေကုတ်စခန်းပေါ့။ မဆုတ်တန်းစခန်းလို့ သူတို့ စာရေးထားတာ ရှိတယ်။ ဒီလိုမျိုး စခန်းတွေက အသေခံတယ်။ နောက်ပြီးတော့ ရိက္ခာက တနှစ်စာပို့တာ၊ ခြောက်လစာ ပို့တာ၊ ၃ လစာ ပို့တာ ရှိတယ်။ အခုက တနှစ်စာ ပို့တဲ့ ရိက္ခာမျိုးတွေက သူတို့ အခိုင်အမာ၊ သူတို့အတွက် အချက်အချာ ကျတဲ့နေရာပေါ့” လို့ ခွန်ညေးရယ်က ပြောပါတယ်။ 

ကျားပါးစပ်ကြီး စခန်း (ခ) ဟွေပုန်းလောင်စစ်ဒေသဟာ  KA ရဲ့ စစ်စခန်းတစ်ခုဖြစ်တဲ့ BP-10 နီးကပ်ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) လက်အောက်ခံ တပ်ရင်းတွေထဲက ရှေ့တန်း ခလရ / ၁၃၅ တပ်ရင်း ထိန်းချုပ်တဲ့ စခန်းတခုဖြစ်တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့  ဖေဖော်ဝါရီလ ၂၄ ရက်က ထိုင်း- ကရင်နီနယ်စပ်က BP – 12 အနီးက စစ်ကောင်စီစခန်းဖြစ်တဲ့ ဟွေခမောက်စခန်းကို လေကြောင်းနဲ့ ရိက္ခာပို့ဖို့ လာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို KA အမှတ်(၁) တပ်ရင်းက မြေပြင်မှ ပစ်ခတ်ခဲ့တယ်လို့လည်း ကရင်နီတပ်မတော် KA ကထုတ်ပြန်ပြောဆိုထားပါတယ်။

ရဟတ်ယာဉ်ဆင်းသက်ခြင်း မပြုနိုင်ပဲ ပြန်လှည့်သွားခဲ့ရပေးမဲ့ စစ်ကောင်စီက စစ်လေယာဉ် (၂)စီးနဲ့ ဟွေခမောက်ဝန်းကျင်တစ်ဝိုက်ကို စုစုပေါင်း (၄) ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။