ရာနဲ့ချီတဲ့ယက်ကန်းရုံတွေမီးရှို့ခံရတဲ့ ရွှေဘိုထူးကြီးရွာက ဒေသခံတွေပြန်လည်ထူထောင်ဖို့ခက်နေ

ဖေ‌ဖော်၀ါရီ၊ ၂၆

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ထူးကြီးရွာက ရိုးရာရက်ကန်းရုံ ၁၀၀ ကျော် စစ်ကောင်စီက အခုဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ထူထောင်ဖို့ခက်နေကြတဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ထူးကြီးရွာကို ဝင်ရောက်ချိန်မှာ ကျေးရွာအတွင်းက လူနေအိမ်တွေနဲ့ ဒေသခံတွေ အဓိကထားလုပ်ကိုင်တဲ့ ရိုးရာရက်ကန်းရုံတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

” ထူးကြီးတရွာလုံးက တောင်ပိုင်းကော မြောက်ပိုင်းကော ရက်ယန်းတွေလုပ်ကိုင်စားသောက်ကြတာပေါ့။ ရွာထဲက စက်ရက်ကန်းကော လက်ရက်ကန်းရုံတွေကော အကုန်လုံးမီးရှို့တဲ့အထဲပါသွားတယ်။ ဒါတွေပြန်လုပ်ဖို့က အတော်လေးကို ခက်သွားမှာပါ။ အဓိက ဒါနဲ့လုပ်ကိုင်စားသောက်တဲ့ သူတွေဆိုတော့ အခုချိန်မှာ အကုန်ဘာမှာမရှိတော့ဘူး။ အလုပ်ရုံတွေဆိုတော့ ငွေကြေးက ဆုံးရှုံးမှုအတော်များပါတယ်။ ဒါတွေက မိရိုးဖလာ လုပ်ကိုင်ခဲ့ကြတာဆိုတော့ တန်ကြေးတွေက မနည်းဘူး ” လို့  အဲဒီဒေသမှာ ကူညီရေးတွေလုပ်နေတဲ့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က DNA ကိုပြောပါတယ်။

ထူးကြီးကျေးရွာမှာတော့ ရက်ကန်းရုံ တခုမှာ အနည်းဆုံး ရက်ကန်းစင် ၅ လုံးလောက်ရှိတက်သလို လက်ရှိကာလ ပေါက်ဈေးအရ လက်ရက်ကန်း တစ်စင်ကို ကျပ် ၇ သိန်းလောက် တန်ဖိုးရှိပြီး စက်ရက်ကန်း တစင်ကို ကျပ်သိန်း ၇၀ နီးပါးတန်ဖိုးရှိတယ်လို့လည်းသူကဆက်ပြောပါတယ်။

လူဦးရေ ၃၀၀၀ နီးပါးနဲ့ အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ထူကြီးရွာမှာ စစ်အုပ်စုက အိမ်ခြေ ၄၀၀ ကျော်လောက်ကို မီးရှို့ ဖျက်ဆီးခဲ့သလို ရက်ကန်းရုံ အားလုံးဖျက်ဆီးခံခဲ့ရတာပါ။

” ပိုက်ဆံရှိတဲ့ အိမ်တွေရွေးမီးရှို့သွားသလိုပါပဲ။ ကျန်တာတွေကလည်း သာမန်အိမ်လေးတွေလောက်ကျန်တာပါ။ ရက်ကန်းရုံတွေက အကုန်လည်ပတ်နေတာ၊ စစ်ကြောင်းထိုးတော့ အကုန်ပစ်ထားခဲ့ပြီး ပြေးရတာပေါ့ ။ စက်တွေကကြီးတော့ သယ်လိုကလည်းမရဘူး။ ရက်ကန်းတရုံမှာဆိုရင် အနည်းဆုံးက ၅ လုံးပဲ ၅ လုံးဆိုရင် သိန်း ၃၅၀ လောက်ရှိတယ်။ ရွာကပျက်ဆီးဆုံးရှုံးတာအတော်များတယ် ” လို့ ကိုစိုမိုးအောင်က ပြောပါတယ်။

ရွှေဘိုနယ်ကို စစ်ကောင်စီက စစ်အုပ်ချူပ်ရေးအဖြစ် ဒီလ ၂၂ ရက်နေ့မှာ သတ်မှတ်ပြီးနောက် တောရော မြို့ပါ ဖိနှိပ်မှုတွေလုပ်နေသလို စစ်ကြောင်းထိုးမီးရှို့တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။