ဖေဖာ်၀ါရီ၊ ၂၅
ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ကြားဝင် စေ့စပ်ပေးလိုတယ်ဆိုတဲ့ တရုတ်ရဲ့ သဘောထားကို သတိကြီးကြီးနဲ့ ကြိုဆိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
သူဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်က စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ကြားဝင် စေ့စပ်ပေးဖို့ ရည်ရွယ်ထားတဲ့အပေါ် ကြိုဆိုပေမယ့် ဒီကိစ္စ အထမြောက်ဖို့ဆိုရင် ယူကရိန်း ပိုင်နက်ထဲက ရုရှားတပ်တွေအကုန် အရင်ဆုံး ရုပ်သိမ်း ဆုတ်ခွာပေးဖို့တော့ လိုမယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ် စတင်မှု ၁ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့က ကိယက်ဗ်မြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဇီလန်စကီးက တရုတ် အနေနဲ့ မျှတတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမျိုးကို လိုလားလိမ့်မယ်လို့ သူယုံကြည်ချင်ကြောင်း ပြောပါတယ်။ ဒါဟာ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ပေးမယ်ဆိုတဲ့ အဓိပါယ် မဟုတ်ဘူးလို့လည်း ဇီလန်စကီးက ဆိုတယ်။
ဒါ့အပြင် တရုတ်က ရုရှားကို စစ်လက်နက်တွေ တင်ပို့တာမျိုး မဖြစ်အောင် အစွမ်းရှိသမျှ ဦးစားပေး ရည်မှန်းချက် အနေနဲ့ တားဆီးသွားမယ်လို့လည်း ဇီလန်စကီးက ပြောကြားသွားပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံ အစိုးရ တချို့က တရုတ်ဟာ မကြာခင်မှာ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ကူညီတာမျိုး ရှိလာနိုင်ကြောင်း သံသယနဲ့ စွပ်စွဲထားကြပေမယ့် တရုတ်ကတော့ ငြင်းဆိုထားပါတယ်။
ဇီလန်စကီးက တရုတ်သာ တကယ်တမ်း ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ စိတ်ဝင်စားတယ်ဆိုရင် သူက တရုတ်ရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားပါတယ်လို့လည်း လမ်းဖွင့်ပေးထားတယ်။ ဒါပေမဲ့ သူဟာ ဗလာဒီမာ ပူတင် ဦးဆောင်ပြီး စက်ဆုပ်စရာ ကောင်းတဲ့၊ သွေးစွန်းနေတဲ့ ရုရှားခေါင်းဆောင်တွေနဲ့ လောလောဆယ် တစားပွဲတည်းထိုင်ပြီး ဆွေးနွေးဖို့တော့ ဖြစ်နိုင်ခြေ မရှိသေးဘူးလို့ ဆိုတယ်။
ယူကရိန်း နိုင်ငံပိုင်နက်ထဲ အဓမ္မ ကျူးကျော်လာတဲ့ ရုရှားတပ်တွေကို ယူကရိန်း ပြည်သူတွေက လိုလိုလားလား ပန်းစည်းတွေကမ်းပြီး ကြိုခဲ့တာ မဟုတ်ကြောင်းလည်း ဇီလန်စကီးက ထောကပြပါတယ်။ ရုရှားဟာ အိမ်နီးချင်း မိတ်ဆွေဆိုတဲ့ နိုင်ငံတခုကနေ ဆိုးယုတ်တဲ့ လူသတ်သမားတွေ ဖြစ်ကုန်ပြီး ယူကရိန်း ပြည်သူတွေကို ညှင်းဆဲသတ်ဖြတ်၊ ကလေးတွေကို ပြန်ပေးဆွဲစတဲ့ လူမဆန်တာ မှန်သမျှကို ကျူးလွန်ခဲ့ကြောင်း၊ ရုရှားက ယူကရိန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးနေတာတွေ၊ လေကြောင်းကနေ တိုက်ခိုက်နေတာတွေ၊ သစ်တောတွေကို မီးရှို့ပြီး တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာတွေကို မရပ်မချင်း တစားပွဲတည်း အတူထိုင်ပြီး ဆွေးနွေးဖို့ ဖြစ်နိုင်မလား ဆိုပြီးလည်း ဇီလန်စကီးက မေးခွန်းထုတ်သွားခဲ့ပါတယ်။
ဇီလန်စကီးဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့သလို ကိယက်ဗ်မြို့တော်ရဲ့ မြေအောက်ခန်း တနေရာကနေ နှစ်နာရီခွဲလောက်ကြာအောင် ပြည်သူတွေဆီ လိပ်မူပြီး စကားပြောခဲ့ပါသေးတယ်။ သူဟာ သက်တောင့်သက်သာ၊ ယုံကြည်မှုရှိရှိ၊ စိတ်ထက်ထက်သန်သန် ပုံစံမျိုးနဲ့ မိန့်ခွန်းပြောခဲ့သလို ရံဖန်ရံခါမှာ ဟာသ သရုပ်ဆောင်ဟောင်းပီပီ ရယ်ရွှန်းပတ်ရွှန်းလေးတွေ ထည့်ပြောသွားပါတယ်။ သူ့စကား အများစုဟာ ယူကရိန်းလို ဖြစ်ပေမယ့် အင်္ဂလိပ် စာလုံးတချို့ကို ညှပ်သုံးခဲ့ပါတယ်။
သူက စစ်ပွဲ အစောပိုင်း ကာလတွေမှာ အင်အားကြီးမားလှတဲ့ ရုရှားရဲ့ ထိုးစစ်ကို အချိန်တိုအတွင်း ရိုက်ချိုးနိုင်ခဲ့တဲ့အတွက် ယူကရိန်း စစ်တပ်ကိုရော၊ ဒေသခံ ပြည်သူ့စစ် ခုခံရေး အင်အားစုတွေကိုပါ ကျေးဇူးတင်စကား ဆိုခဲ့တယ်။ နိုင်ငံကို မဆုံးရှုံးခဲ့ရတဲ့အတွက် စစ်တပ်နဲ့ ပြည်သူတွေရဲ့ ကျေးဇူးက ကြီးမားလွန်းကြောင်း၊ သူ့ရဲ့ အခန်းကဏ္ဍလည်း အထိုက်အလျောက် ပါခဲ့တယ် ဆိုဦးတော့ သူဟာ နိုင်ငံရဲ့ သူရဲကောင်း တဦးတော့ မဟုတ်ခဲ့ကြောင်း၊ လုပ်နိုင်တာ တခုခုကို ဝင်လုပ်ခဲ့တဲ့ သဘောသာဖြစ်ကြောင်း၊ အခုအချိန်မှာတော့ သူဟာ သိမ်းပိုက်လို့ မရတဲ့ ကိယက်ဗ် မြို့တော်ကနေ ပြည်သူတွေကို စကားပြောနေကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။