ရုရှားကို ဒရုန်းတွေ ရောင်းချမယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်ကုမ္ပဏီ ငြင်းဆို

ဖေဖာ်၀ါရီ၊ ၂၅

ရုရှားကို တိုက်ခိုက်ရေး ဒရုန်းတွေ ထောက်ပံ့ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေကို တရုတ် ကုမ္ပဏီ တခုက ငြင်းဆိုသွားခဲ့ပါတယ်။

 ဂျာမန် သတင်းဌာန Der Spiegelက တရုတ် လေကြောင်း နည်းပညာ ကုမ္ပဏီ Xi’an Bingo Intelligentဟာ ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို ဒရုန်းတွေ ထောက်ပံ့လာနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ Der Spiegelရဲ့ အဆိုအရ အဲဒီ ကုမ္ပဏီက ထုတ်လုပ်တဲ့ ZT-180 အမျိုးအစား prototype စမ်းသပ်အဆင့် ဒရုန်းတွေကို ရုရှားက စစ်မြေပြင်မှာ စမ်းသပ်ပြီး အဆင်ပြေရင် ဧပြီလမှာ ရုရှားဆီ အစီး ၁၀၀ တင်ပို့ဖို့ သဘောတူထားကြောင်း သိရပါတယ်။

 ZT-180ဟာ ပစ်မှတ်ကို ကိုယ်တိုင်ထိုးစိုက် ဖောက်ခွဲတဲ့ ကာမီကာဇီ ဒရုန်း အမျိုးအစားလို့ ဆိုပါတယ်။ ရုရှားဟာ အီရန်လုပ် ကာမီကာဇီ ဒရုန်းတွေကိုလည်း ယူကရိန်း စစ်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ဖူးပါတယ်။

 ဒါပေမဲ့ Xi’an Bingo Intelligent ကုမ္ပဏီကတော့ သူတို့ဟာ ရုရှားဆီကို စစ်သုံးဒရုန်းတွေ တင်ပို့ဖို့ စာချုပ်စာတမ်းနဲ့ သဘောတူထားတာမျိုး လုံးဝ မရှိဘူးလို့ ငြင်းဆန်ပါတယ်။ Der Spiegelကလည်း သူတို့ရဲ့ သတင်းကို ဘယ်ရင်းမြစ်ဆီကနေ ရသလဲ ဆိုတာကိုတော့ ဖော်ပြ မထားခဲ့ပါဘူး။

 အစောပိုင်းမှာ အမေရိကန်နဲ့ ဂျာမနီ အစိုးရတွေက တရုတ်ကို ရုရှားရဲ့ မဟာမိတ်လို့ စွပ်စွဲခဲ့ပြီး စစ်ပွဲမှာသာ ရုရှားဖက်က လက်နက်တွေ ပါဝင် ထောက်ပံ့ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။

 တရုတ်ကတော့ ရုရှား-ယူကရိန်း စစ်ပွဲမှာ ကြားနေတယ်လို့သာ ကြေညာထားပြီး ရုရှားကို လက်နက်တွေ ရောင်းချဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ပယ်ချခဲ့ပါတယ်။