ဖေဖာ်၀ါရီ၊ ၂၅
ဟောလိဝုဒ်မင်းသား တွမ်ခရုစ်ရဲ့ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ Top Gun – Maverick ရုပ်ရှင်ထဲမှာ အဓိက ပါဝင်ခဲ့တဲ့ တိုက်လေယာဉ်တွေ ထုတ်လုပ်မှုကို မကြာခင် အပြီးသတ် ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Boeingက ၂၀၂၅ ခုနှစ်ထိပဲ F/A-18 Super Hornet တိုက်လေယာဉ်တွေကို ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန် ရေတပ်က မှာယူထားတဲ့ လေယာဉ် အရေအတွက် ပြည့်မီအောင် ၂၀၂၅ ခုနှစ်မှာ အပြီးအစီး ထုတ်လုပ်မှာဖြစ်ပြီး အဲဒီနောက်ပိုင်း F/A-18တွေ ထပ်မံ တည်ဆောက်တော့မှာ မဟုတ်ဘူးလို့ Boeingက ဆိုတယ်။
ခြွင်းချက် အနေနဲ့ တကယ်လို့သာ အိန္ဒိယ ရေတပ်က F/A-18တွေ မှာယူလာခဲ့မယ် ဆိုရင်တော့ ထုတ်လုပ်မှု သက်တမ်းကို ၂၀၂၇ ထိ ချဲ့ထွင်သွားဖို့ Boeingက ရည်ရွယ်ထားပါတယ်။ အိန္ဒိယ ရေတပ်ဟာ ဒုတိယမြောက် လေယာဉ်တင် သင်္ဘော တ
တစီးကို တည်ဆောက်နေဆဲဖြစ်ပြီး အဓိက တင်ဆောင် အသုံးပြုမယ့် လေယာဉ် အမျိုးအစားကို တိတိကျကျ မရွေးချယ်ရသေးပါဘူး။ F/A-18တွေဟာ အိန္ဒိယ ရေတပ်က လျာထား စဉ်းစားနေတဲ့ ဆန်ခါတင် စာရင်းမှာ ထိပ်ပိုင်းနားက ပါဝင်နေပါတယ်။
F/A-18တွေကို အမေရိကန် ရေတပ်အတွက် ရည်ရွယ်ပြီး McDonnell Douglas ကုမ္ပဏီက ၁၉၈၃ မှာ စတင် တည်ဆောက် ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၉၇ မှာတော့ အဲဒီ ကုမ္ပဏီက Boeingနဲ့ ပူးပေါင်းသွားပြီး အဆင့်မြှင့်တင်ထားတဲ့ မျိုးကွဲသစ်တွေကို ဆက်တိုက် ထုတ်လုပ်ခဲ့ပါတယ်။ လေယာဉ်တွေရဲ့ မူလ နာမည်ပြောင်က Hornetဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ မျိုးကွဲအလိုက် Super Hornet၊ Growler စတဲ့ နာမည်တွေကိုလည်း သုံးစွဲခဲ့ပါတယ်။ F/A-18တွေကို အမေရိကန်အပြင် မဟာမိတ်တွေဖြစ်တဲ့ ကနေဒါ၊ ဖင်လန်၊ ဩစတြေးလျနဲ့ မလေးရှားတို့ကိုပါ တင်ပို့ခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဒီလေယာဉ်တွေကို ရေတပ်အစား လေတပ်တွေက အဓိက အသုံးပြုခဲ့ပါတယ်။ လက်ရှိ အချိန်ထိ Hornet မျိုးကွဲ စုစုပေါင်း အစီးရေ ၂၀၀၀ ကျော် ထုတ်လုပ်ထားခဲ့ပြီးပါပြီ။
ခရုစ်ရဲ့ ကမ္ဘာကျော် အက်ရှင်ဇာတ်ကားဖြစ်တဲ့ Top Gun – Maverickထဲမှာတော့ F/A-18တွေရဲ့ တိုက်ပွဲဝင် စွမ်းရည်ကို အထင်ကြီးလောက်စရာ ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ပြသသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ရေတပ်က ဒီလေယာဉ်တွေကို ဆက်ပြီး အားကိုးချင်လောက်အောင် လုံလောက်တဲ့ ဆွဲဆောင်မှုတော့ မဖြစ်ခဲ့ပါဘူး။
၂၀၂၁ ခုနှစ်၊ နွေရာသီမှာတော့ ရေတပ်ဟာ F/A-18တွေရဲ့ နည်းပညာနဲ့ ဒီဇိုင်းပိုင်းက ခေတ်မမီတော့ဘူးလို့ ကောက်ချက်ချပြီး လေယာဉ် အသစ်တွေ ထပ်မမှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအစား ရေတပ်ဟာ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ပြီး နည်းပညာပိုင်း အရမ်းခေတ်ရှေ့ပြေးတဲ့ ပဉ္စမမျိုးဆက် F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Boeingကတော့ F/A-18တွေ ထုတ်လုပ်မှုကို အဆုံးသတ်လိုက်ပြီးရင် နောက်ထပ် အမျိုးအစားသစ် တိုက်လေယာဉ်တွေအတွက် အာရုံစိုက်သွားမယ်လို့ ပြောပါတယ်။ သူတို့အနေဲ့ အနာဂတ်အတွက် စဉ်းစားမှာဖြစ်ကြောင်း၊ တိုက်လေယာဉ်တွေ တည်ဆောက်မှုဟာ Boeingရဲ့ DNAထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြောင်း ကုမ္ပဏီရဲ့ ဝေဟင်စိုးမိုးရေး ဌာနခွဲ ဒုတိယ ဥက္ကဋ္ဌ စတိဗ် နော့ဒ်လွန်းက ပြောပါတယ်။
ဒါ့အပြင် ဖောက်သည် နိုင်ငံတွေမှာ ရှိရင်းစွဲ အသုံးပြုနေတဲ့ F/A-18 Super Hornetတွေနဲ့ မျိုးကွဲ EA-18G Growlerတွေကို နည်းပညာ ဆက်တိုက် အဆင့်မြှင့်မှုတွေ ပြုလုပ်ဖို့လည်း Boeingက ရည်ရွယ်ထားပါတယ်။