ယူရိုပါလိဂ် ပွဲစဉ် မဲခွဲမှုတွေ ထွက်ပေါ်လာပြီး ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်

ဥရောပ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေအတွက် မဲခွဲမှုတွေ ထွက်ပေါ်လာရာမှာ အာဆင်နယ် အသင်းဟာ မာကျောတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အထိုက်အလျောက် ပွဲချောင်မယ့် အခြေအနေမျိုး တွေ့နေရပါတယ်။

 အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲကို ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့အတွက် ၃၂ သင်း ရှုံးထွက်အဆင့်မှာ ယှဉ်ပြိုင်စရာ မလိုခဲ့ပါဘူး။ ယူနိုက်တက်ကတော့ အုပ်စု ဒုတိယ နေရာသာ ရခဲ့တဲ့အတွက် ၃၂ သင်း ရှုံးထွက်အဆင့်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာပြီး ယူရိုပါလိဂ်ကို ရောက်လာတဲ့ စပိန်ထိပ်သီး ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၄-၃ နဲ့ အနိုင်ယူခဲ့တဲ့ ယူနိုက်တက်ဟာ နောက်တဆင့်မှာတော့ တခြား စပိန် ကလပ်တခုဖြစ်တဲ့ ရီးရဲလ် ဘက်တစ်နဲ့ တွေ့ဆုံနေပါတယ်။

 ဘက်တစ်ဟာ လူအင်အားအရ ဘာစီလိုနာထက် သိသိသာသာ အားလျော့တဲ့ အသင်းဖြစ်တာကြောင့် ယေဘုယျ အနေနဲ့ ယူနိုက်တက်အတွက် ပွဲချောင်တယ်လို့ ဆိုနိုင်ပါတယ်။ အာဆင်နယ်ကတော့ ပေါ်တူဂီ ထိပ်တန်းကလပ် စပို့တင်း လစ္စဘွန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ယူနိုက်တက်နဲ့ယှဉ်ရင် ပွဲပိုကျပ်တယ်လို့ ယူဆနိုင်ပါတယ်။ စပို့တင်းဟာ ဥရောပ အတွေ့အကြုံ ကြွယ်ဝတဲ့ အသင်းတသင်းဖြစ်ပြီး အရည်အသွေးမြင့် ကစားသမား တချို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 ပြီးတော့ စပို့တင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာလာတဲ့ အသင်းဖြစ်ပြီး အင်္ဂလိပ် တိုက်စစ်သမား မားကက်စ် အက်ဒွပ်ကလည်း ခြေစွမ်းပြနေတာ တွေ့ရပါတယ်။ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မှာတော့ စပို့တင်းဟာ ဒိန်းမတ်ကလပ် မစ်ဂျေလန်းကို နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့ သက်တောင့်သက်သာ​ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

 ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွေကို မတ်လ ၉ ရက်မှာ ကစားစေဖို့ စီစဉ်ထားပြီး ဒုတိယ အကျော့ကိုတော့ နောက်တပတ်အကြာ မတ် ၁၆ မှာ ယှဉ်ပြိုင်ကြမှာပါ။ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ် ၈ ခုရဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

 ယူနီယံဘာလင် (ဂျာမနီ) – ယူနီယံစိန့်ဂယ်လွိုင်စီ (ဘယ်လ်ဂျီယမ်)

 ဆီဗီးလား (စပိန်) – ဖီနာဘာချီ (တူရကီ)

ယူဗင်းတပ်စ် (အီတလီ) – ဖရိုင်းဘာ့ဂ် (ဂျာမနီ)

ဘေယာလေဗာကူဆန် (ဂျာမနီ) – ဖယ်ရန့်ဗာရိုးစ် (ဟန်ဂေရီ)

စပို့တင်း လစ္စဘွန်း (ပေါ်တူဂီ) – အာဆင်နယ် (အင်္ဂလန်)

မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်) – ရီးရဲလ် ဘက်တစ် (စပိန်)

ရိုးမား (အီတလီ) – ရီးရဲလ် ဆိုစီဒက် (စပိန်)

ရှက်ခ်တာဒွန်းညက်စ်ခ် (ယူကရိန်း) – ဖိုင်ယန်နော့ဒ် (နယ်သာလန်)