အရပ်သား ဧရိယာတွေကို မြန်မာလေတပ် ဘာကြောင့် ပစ်မှတ်ထား ဗုံးကြဲနေသလဲ

ဖေဖာ်၀ါရီ၊ ၂၅

ဇန်နဝါရီ ၁၁ ရက်နေ့တုန်းက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖျား နယ်စပ်နားက သိပ်ပြီး အရွယ်ပမာဏ မကြီးမားလှတဲ့ လူနေဧရိယာ တစ်ခုကို စစ်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

 Camp Victoriaကို လေကြောင်းက တိုက်ခိုက်ခဲ့မှုအတွင်း ဆေးပေးခန်း တစ်ခုလည်း ပျက်စီးခဲ့ပါတယ်။ ဆေးခန်း အဆောက်အအုံရဲ့ အမိုးပေါ်မှာ လွှင့်ထူထားခဲ့တဲ့ ကြက်ခြေနီ အလံက ကျင့်ဝတ်အရ မထိပါးသင့်တဲ့၊ အကာအကွယ် ပေးသင့်တဲ့ နေရာဌာနလို့ သတိပေး ညွှန်ပြနေခဲ့ပါတယ်။ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ ပေါက်ကွဲမှုဒဏ်ကြောင့် သတ္တု နံရံတွေ တွန့်ကြေ ကောက်ကွေးကုန်တဲ့ အဆောက်အအုံရဲ့ အပြင်ဖက်မှာ ဆေးဝါးတွေ ပြန့်ကြဲနေခဲ့တာကို တွေ့ရပါတယ်။

 ဆေးခန်းကို တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် လူပေါင်း ၂၅၀ လောက်ကတော့ နယ်စပ်ကို ဖြတ်ပြီး အိန္ဒိယပိုင် မီဇိုရမ် ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြတယ်။ “အရပ်ဖက် ဆေးရုံဆေးခန်း တစ်ခုကို အခုလိုမျိုး လူမဆန်တဲ့ ဗုံးကြဲ တိုက်ခိုက်မှုမျိုး ရှိလာမယ်လို့ လုံးဝ မထင်မိဘူးလေ”လို့ ဆေးခန်းမှာ အလုပ်လုပ်တဲ့ ဆရာဝန် တစ်ယောက်က ပြောပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နှစ်ရက်အတွင်း Camp Victoriaကို တိုက်လေယာဉ် ငါးစီးက လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 ချင်းပြည်နယ်မှာရှိတဲ့ Camp Victoriaကို ဗုံးကြဲခဲ့တာဟာ နိုင်ငံအနှံမှာ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခုသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းလေး တစ်ခုက ကလေးငယ်တွေဟာ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးပေါ်ကနေ တရစပ် ပစ်ခတ်လိုက်တဲ့ ကျည်ဆန်မိုးကြောင့် အတုံးအရုံး လဲကျ သေဆုံးခဲ့ကြရဖူးတယ်။ နောက်တစ်လ အကြာမှာတော့ ကချင်ပြည်နယ်က ဖျော်ဖြေပွဲ တစ်ခုကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၈၀ လောက် အသက်ဆုံးရှုံးရပြန်တယ်။

 တော်လှန်ရေး အစိုးရလို့ ဆိုနိုင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၆၈ ခုထိ ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ၇၀ ရာခိုင်နှုူန်းကျော်ဟာ အရပ်သား ပစ်မှတ်တွေလို့ ပြောပါတယ်။ “ကိုယ့်ရဲ့ လေကြောင်း တိုက်ခိုက်မှု စွမ်းရည်ကို ကိုယ့်ပြည်သူတွေအပေါ် ပြန်ပစ်မှတ်ထားဖို့ အာသီသ ပြင်းပြနေတဲ့ နိုင်ငံမျိုး များများစားစား မရှိလောက်ပါဘူး”လို့ အိန္ဒိယ ကာကွယ်ရေး သုတေသီ တစ်ယောက်က မှတ်ချက် ပေးခဲ့ပါတယ်။

 တကယ်တော့ အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာဟာ မြန်မာ စစ်တပ်က လက်ကိုင်ထား အကောင်အထည် ဖော်လေ့ရှိတဲ့ ဖြတ်လေးဖြတ် ဗျူဟာရဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ တော်လှန် ပုန်ကန်မှုတွေကို တုံ့ပြန် ချေမှုန်းဖို့ ရည်ရွယ်ထားတဲ့ အဲဒီ မဟာဗျူဟာက တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေကို ဒေသခံ လူ့အဖွဲ့အစည်းက ရိက္ခာ၊ ငွေကြေးနဲ့ လူသစ်တွေ မထောက်ပံ့နိုင်အောင် အဆက်ဖြတ်ဖို့ ရည်ရွယ်ထားတာပါ။

 ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ချ် တက္ကသိုလ်က ကထိက တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့် လေ့လာနေတဲ့ ရှိုနာလောင်ကတော့ “အခု လေကြောင်း တိုက်ခိုက်မှုတွေက မြန်မာ စစ်တပ်ဟာ ချင်း တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် အဖွဲ့တွေအဖြစ် ရှုမြင်နေဆဲဖြစ်ပြီး အမြစ်ဖြတ် ချေမှုန်းဖို့ ရည်ရွယ်ထားတယ်ဆိုတာ ထင်ဟပ် မြင်သာစေပါတယ်။ ဒီလုပ်ရပ်ကြောင့် အရပ်သားတွေ ထိခိုက်နစ်နာမှုက သိသိသာသာ ကြီးမားနေမယ် ဆိုရင်တောင်မှပေါ့လေ”လို့ Al Jazeera သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက် ပေးသွားပါတယ်။

 ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံအနှံ့က တခြားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဟာ ပြောက်ကျား စစ်ဗျူဟာတွေကို ထိထိရောက်ရောက် အသုံးချနေတဲ့အတွက် မြေပြင်က တပ်ဖွဲ့ဝင်တွေ အတုံးအရုံး သေကြေ ဒဏ်ရာရကုန်တာကြောင့် မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ လေကြောင်း တိုက်ခိုက်မှုတွေဆီ ပိုပြီး အာရုံကျလာတဲ့ သဘောပါပဲ။

 Camp Victoriaလို လူ့အသိုက်အဝန်းမျိုးတွေကျတော့ လက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့ အရပ်သားတွေ ရောနှော နေထိုင်ကြပါတယ်။ တောင်ကုန်းပုလေးတွေ ဝန်းရံနေတဲ့ တောင်ကြားတစ်နေရာမှာ လုံလုံခြုံခြုံ တည်ရှိနေတဲ့ Camp Victoriaဟာ ချင်းအမျိုးသား တပ်ဦး (CNF)ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်မတော် (CNA)ရဲ့ အခြေစိုက် စခန်းလည်း ဖြစ်ပါတယ်။ CNFဟာ ပြည်နယ်အဆင့်မှာ ပိုမို လွတ်လပ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်မျိုး ရရှိဖို့အတွက် တိုက်ပွဲဝင်နေတာပါ။ တစ်ချိန်တည်းမှာပဲ Camp Victoriaက ဒေသခံ လူ့အသိုက်အဝန်းရဲ့ စုရပ်နေရာ တစ်ခုလို ဖြစ်နေပြီး ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ဘုရားကျောင်းတွေလို ကဏ္ဍပေါင်းစုံနဲ့ ဆက်နွှယ်တဲ့ အဆောက်အအုံတွေ၊ ဌာနတွေ ရှိနေပါတယ်။

 ဗုံးကြဲခံခဲ့ရတဲ့ ဆေးခန်းဆိုရင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့ချိန် ကတည်းက လူနာပေါင်း ၅၀၀၀ ကျော်ကို တာဝန်ယူ ကုသပေးခဲ့ ပြီးပါပြီ။ နိုဝင်ဘာလမှာ ပေါက်ကြားလာတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအရ အဲဒီ နေရာဟာ စစ်တပ်က ပစ်မှတ်အဖြစ် ရည်ရွယ်ထားတဲ့ နေရာပေါင်း ၁၄ ခု စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ဂျနီဗာ ညီလာခံ သဘောတူညီချက်အရ ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံ တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှုလို့ သတ်မှတ်နိုင်ပါတယ်။

 Camp Victoriaကို ဗုံးကြဲမှုဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အတော်လေး ရရှိခဲ့ပါတယ်။ အကြောင်းကတော့ လေကြောင်း တိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုတွေက နယ်ခြားဖြတ်ကျော် ရောက်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ ဗုံးဒဏ်ကြောင့် လွင့်စဉ်လာတဲ့ အစအနတွေဟာ အိန္ဒိယပိုင်း ဖာကော်န် ကျေးရွာက သဲတင်တဲ့ ထရပ်ကားတစ်စီးရဲ့ ရှေ့ပိုင်း လေကာမှန်တွေကို ပျက်စီးစေခဲ့ပါတယ်။ မီဇိုရမ်မှာ အခြေစိုက်တဲ့ မီဇို လူငယ်များ အဖွဲ့က မြန်မာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသတွင်းက လယ်သမားတွေနဲ့ သဲသယ်ယူတွေကို အကြီးအကျယ် အထိတ်တလန့် ဖြစ်စေခဲ့တဲ့အပေါ် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မီဇို အနွယ်ဝင် vlogger တစ်ဦးဖြစ်တဲ့ ဗန်နီသန်ဂါ ဗန့်ချ်ဟွမ်းက ဂျက်တိုက်လေယာဉ်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကို ခြေရာခံခဲ့တဲ့နောက် အိန္ဒိယ လေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Myanmar Witnessကလည်း စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာ စစ်လေယာဉ်တွေဟာ အဲဒီ လေကြောင်း တိုက်ခိုက်မှုမှာ အိန္ဒိယ လေပိုင်နက်ထဲ ကျူးကျော်ခဲ့တယ် ဆိုတာ သေချာသလောက်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။

 Camp Victoria တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီးမှာတော့ NUGရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ နောက်ထပ် အလားတူ ကျူးကျော်ခံရမှုမျိုးတွေ မကြုံရဖို့အတွက် လေပိုင်နက်တွေကို ပိတ်ထားကြဖို့ တောင်းဆိုခဲ့ပါတယ်။ လပိုင်းတွေအတွင်း မြန်မာစစ်တပ်ရဲ့ စစ်လေယာဉ်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်တွေကို ကျော်လွန်တာမျိုးက ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့လည်း NUGက ထောက်ပြခဲ့ပါတယ်။ မနှစ်တုန်းက ဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းတို့ဟာ မြန်မာ စစ်လေယာဉ်တွေရဲ့ လေပိုင်နက် ကျူးကျော်မှုတွေကို ကန့်ကွက်ခဲ့ကြဖူးတယ်။ ထိုင်းက မြန်မာ စစ်လေယာဉ်တွေ ကျူးကျော်လာတဲ့ ဧရိယာက ကျောင်းသူကျောင်းသားတွေကို ကတိုက်ကရိုက် ရွှေ့ပြောင်းပေးခဲ့ရတဲ့အပြင် F-16 တိုက်လေယာဉ်တွေကိုပါ အရေးပေါ် ပျံတက်စေခဲ့ပါတယ်။

 မြန်မာစစ်တပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အတိုင်းအတာနဲ့ ရက်စက်မှုတွေကြောင့် အနောက်နိုင်ငံ တချို့က ပိုမို ခက်ထန်တင်းမာတဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ပြဋ္ဌာန်းလာတာပါတယ်။ ပြီးခဲ့တဲ့လမှာ ကနေဒါနဲ့ ဗြတိန်တို့ဟာ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်သွင်း ရောင်းချမှုတွေကို တားဆီး ကန့်သတ်တဲ့ အရေးယူမှု အသစ်တွေကို စတင် မိတ်ဆက် ကျင့်သုံးခဲ့ကြပါတယ်။

 (The Diplomat သတင်းဌာနတွင် ဖော်ပြထားသည့် Why is Myanmar’s Air Force Bombing Civilian Targets? ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)

 Photo – Myanmar State Media