ဖေဖော်ဝါရီ၊ ၂၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေလို့ အနီးနားကျေးရွာတွေက ဒေသခံငါးထောင်ကျော်လောက် စစ်ရှောင်နေရတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်မနေ့ညပိုင်းက ယင်းမာပင်မြို့နယ် တာဝကျေးရွာမှာတပ်စွဲထားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ အဲဒီရွာက နေအိမ် ၁၉ လုံးကို မီးရှို့ခဲ့သလို ဒေသခံနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
” ရွာကို မီးရှို့ပြီး ဒေသခံ နှစ်ဦးကို မီးရှို့သတ်သွားတာပေါ့၊ ပုလဲနယ်ဘက်ကနေ တဆင့် အခုဒီဖက်ကို စစ်ကြောင်းထိုးနေတာပါ၊ အဲဒီတော့ အနီးနားက ရွာတွေကတော့ ရှောင်နေရတယ် ” လို့ ယင်းမာပင် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင်က ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဝင် အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းက ယင်းမာပင်အနောက်ပိုင်းကို ပထမဆုံး စစ်ကြောင်းထိုး မီးရှို့နေတာဖြစ်သလို ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ရွာ(၁၅)က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
” အင်းသာ၊ ချောင်းကောက်၊ သပြေအေး၊ ညောင်ကိုင်းတို့ ကျွန်းတောတို့ ရွာတွေက စစ်ရှောင်နေရတယ်၊ စစ်ကြောင်းဝင်မယ်ဆိုတာ သိကတည်းက အသက်ကြီးတဲ့လူတွေကို ကြိုတင်ရွေ့ထားရတယ်၊ တရွာဝင်ရင် တခြားရွာက ဆွေမျိုးနီးချင်းတွေမှာ စစ်ရှောင်ရတယ်၊ စစ်ရှောင် စခန်းဆိုတာမျိုးတော့ မထားပါဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့မှာလည်း ဆက်လက်စစ်ကြောင်းထိုး နေအိမ်မီးရှို့မှုတွေ ဆက်လုပ်နေပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ညောင်ကိုင်းရွာ နဲ့ ပေါက်တိုက်ရွာတွေအနီး ရောက်ရှိနေပြီး ပေါက်တိုက်ရွာထဲ ပစ်ခတ်ဝင်ရောက်နေလို့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ယင်းမာပင်မြို့နယ်သ တင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားပါတယ်။
Photo – CJ