သိန္နီမှာ ယာဉ်တိုက်မှုဖြစ်ရာက ဂက်စ်အိုးများ ပေါက်ကွဲလို့ ကားနှစ်စီးမီးလောင်

ဖေဖော်ဝါရီ၊ ၂၄

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ရက် နေ့လယ်ပိုင်းက ယာဥ်တိုက်မှုဖြစ်ရာက ကားပေါ်ပါ ဂတ်စ်အိုးတွေပေါက်ကွဲလို့ နှစ်စီးလုံးမီးလောင်သွားသလို လမ်းပိတ်ဆို့မှုလည်း ဖြစ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတဦးက DNA ကို ပြောပါတယ်။

သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာနဲ့ ပန်တီကျေးရွာကြား ရွှေမောရှမ်းရေစင်ကွေ့မှာ ကုန်တင်ယာဉ်နှစ်စီး တိုက်မိခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ ဂက်စ်အိုးများပေါက်ကွဲမှုကြောင့် ယာဉ်နှစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရောက်တော့ မီးကအတော်လောင်နေပြီ၊ ဂတ်စ်တွေ ခနခနပေါက်လို့ အနားလည်း ဘယ်သူမှ မကပ်ရဲကြဘူး “လို့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ကြံတင်ယာဉ် ၁၂ဘီးကား နဲ့ ဂတ်စ်အိုးတွေ တင်လာတဲ့ ခြောက်ဘီးကားတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် မီးလောင်ခဲ့တဲ့ကားနှစ်စီးကို  သိန္နီမြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် နှစ်စီးနဲ့အချိန် တနာရီဝန်းကျင်ကြာ ငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် နှစ်နာရီဝန်းကျင်မှာ အဲ့ဒီလမ်းမကြီးကို ပြန်လည်အသုံးပြုခွင့်ရတယ်လို့ သိရပါတယ်။

Photo – CJ