နိုင်ငံကူးလက်မှတ်အတွက် အွန်လိုင်းက ရက်ချိန်းယူသူတွေ အဆင်မပြေ

ဖေဖော်ဝါရီ၊ ၂၄

နိုင်ငံကူးလက်မှတ်လုပ်ဖို့ အတွက်ဒီကနေ့ ဖေဖော် ဝါရီ ၂၄ရက်ကစလို့ အွန်လိုင်းကတဆင့် ရက်ချိန်းလျှောက်ထားခွင့်ပြုရာမှာ နည်းပညာအခက်အခဲနဲ့အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်လျှောက်ထားသူတွေဆီက သိရပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်​ပေး​ရေးအဖွဲ့က​ ရက်ချိန်းရယူဖို့ ပေးထားတဲ့ဝက်ဆိုက်လင့်ထဲဝင်မရတာ၊ လိုင်းပြတ်တောက်တာ စတဲ့အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

“မနက်ကတည်းက ချပေးထားတဲ့ လင့်ခ်ထဲဝင်နေတာ ဝင်မရဘူး၊ ဒီနေ့စဖွင့်တာဆိုတော့ စုပြုံလျှောက်လို့ Error ဖြစ်တာလား မပြောတတ်ဘူး”လို့ ကိုယ်တိုင်လျှောက်ထားဖို့ ကြိုးစားနေသူတဦးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ၊ လျှောက်ထားခွင့်လက်ခံတာတွေကို ဇန်နဝါရီလလယ်ကစပြီး ရပ်ဆိုင်းထားရာကနေ ဒီနေ့မှာ အွန်လိုင်းကနေ လျှောက်ထားခွင့် ပြန်လက်ခံတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အွန်လိုင်းကနေ လျှောက်ထားရတာ အဆင်မပြေရင် သက်ဆိုင်ရာ မြို့နယ်မြို့မရဲစခန်းတွေဆီ အကူအညီတောင်းခံဖို့ အသိပေးထားပေမယ့် ပြည်သူတွေကတော့ ရဲစခန်းနဲ့ ဆက်ဆံပတ်သက်လိုခြင်း မရှိကြဘူးလို့ ဆိုပါတယ်။

“အစစ်ဆေးအမေးမြန်းတွေခံရဦးမယ်၊ ကိုယ်ရေးအချက်အလက်တွေ လုံခြုံမူအတွက်စိတ်မချရဘူး၊ အနည်းဆုံး ပိုက်ဆံတောင်းခံရဖို့က ရှိနေတယ်”လို့နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ကြိုးစားနေတဲ့ လူငယ်တဦးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်အတွက် အွန်လိုင်းဘွတ်ကင်စနစ်ကို ရန်ကုန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအတွက်သာ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အရင်ကရယူထားတဲ့ QR ကုတ်တွေကိုလည်း အကျုံးမဝင်တော့ဘူးလို့ စစ်ကောင်စီက ကြေညာထားတာပါ။

အဲ့ဒါကြောင့် အရင်ကတည်းက ရက်ချိန်းရထားပြီးသူတွေဟာလည်း ဒီကနေ့မှာ အစကပြန်လည်လျှောက်ထားနေရပြီး အွန်လိုင်းဘွတ်ကင်ပြုလုပ်ရာမှာ ကျသင့်ငွေတပါတည်း ပေးသွင်းဖို့ ကြေညာထားတာကြောင့် ငွေသွင်းလိုက်ပေမယ့် ရက်ချိန်းပေါ်မလာတာ၊ ငွေပေးသွင်းလို့မရတာ စတဲ့အဆင်မပြေမှုတွေနဲ့လည်း ကြုံနေကြရတယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်လျှောက်ထားခြင်းကို ကိုယ်တိုင်ဆောင်ရွက်ဖို့နဲ့ ပွဲစားတွေကတဆင့် အခကြေးငွေပေးပြီး မလုပ်ဖို့ သတိပေးမှုတွေ လုပ်ထားပေမယ့် နိူင်ငံကူးလက်မှတ်လျှောက်ထားမှု ဝန်ဆောင်​မှုပေးတဲ့ လုပ်ငန်းတွေ အလျိုလျိုပြန်ပြီးထွက်ပေါ်လာနေတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။


Photo – AP