ငါန်းဇွန်နယ် ဂျပန်ကျွန်း ရွာလုံးကျွတ်မီးရှို့ခံရပြီး ရွာခံသုံးရာကျော်ထွက်ပြေးနေရ

ဖေဖော်ဝါရီ၊ ၂၄

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ဧရာဝတီမြစ်အတွင်းက ဂျပန်ကျွန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ နှစ်ရက်ဆက်မီးရှို့တာကြောင့် ရွာလုံးကျွတ်ပြာကျသွားသလို ရွာခံသုံးရာကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်တပ်က အင်အား (၇၀)လောက်နဲ့ ဂျပန်ကျွန်းကျေးရွာကို ဖေဖော်ဝါရီ ၂၂ ရက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာ တအိမ်သာမီးရှို့ခဲ့ပေမယ့် မနေ့ကတော့ ရွာလုံးကျွတ်နီးပါး မီးရှို့လိုက်တာ ဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ဂျပန်ကျွန်းကျေးရွာကို ပြီးခဲ့တဲ့လပိုင်းအတွင်းကမှ စစ်ကောင်စီစစ်ကြောင်းက ပထမအကြိမ် မီးရှို့ခဲ့လို့ နေအိမ်လေးဆယ်ဝန်းကျင် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။ အခုဒုတိယအကြိမ်အဖြစ် မီးထပ်ရှို့ခံရတာကြောင့် အဲ့ဒီရွာက အိမ်ခြေတရာကျော်ထဲက သုံးလေးအိမ်သာ ကျန်တော့မယ်လို့ ဆိုပါတယ်။
 
“အိမ်တွေမှာထားတဲ့ သီးနှံတွေပါ မီးထဲပါသွားကြတာ၊ တကိုယ်ရေနိုင်သမျှလေးတွေပဲ ယူခဲ့နိုင်ကြတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းရဲ့ စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုကြောင့် ရွာခံသုံးရာကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး မှီခိုစရာဆွေမျိုးရှိသူတွေက ဆွေမျိုးအိမ်တွေမှာ ခိုလှုံနေထိုင်ကြသလို ခိုလှုံစရာမရှိသူတွေကတော့ ဖြစ်သလိုနေထိုင်စားသောက်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဂျပန်ကျွန်းရွာဟာ ဧရာဝတီမြစ် မြေနုကျွန်းပေါ်မှာ တည်ထားတဲ့ ရွာ တရွာဖြစ်ပြီး ကျေးရွာကိုမီးရှို့တဲ့အချိန်မှာ တိုက်ပွဲဖြစ်နေတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
ဂျပန်ကျွန်းလိုပဲ ဧရာဝတီမြစ်ထဲက မြေနုကျွန်းပေါ်ရွာတည်ထားတဲ့ ငါန်းဇွန်နယ် ရွှေပေါက်ပင်ကျွန်းကိုလည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလတွေအတွင်း စစ်ကောင်စီက နှစ်ကြိမ်စီးနင်းဝင်ရောက်မီးရှို့လို့ နေအိမ်လေးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
 
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ငါန်းဇွန်နယ်ဟာ ဧရာဝတီမြစ်ကမ်းမြို့တမြို့ဖြစ်သလို စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းက မြောင်၊ မြင်းမူ စတဲ့ ဒေသတွေနဲ့လည်း ဧရာဝတီမြစ်သာ ခြားပါတယ်။
 
ဒါ့အပြင် ငါန်းဇွန်မြို့အတွင်းမှာလည်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ မကြာမကြာရှိနေပြီး ဧရာဝတီမြစ်ကြောင်းထဲက မြေနုကျွန်းရွာတွေမှာ တော်လှန်ရေးအင်အားစုတွေ ခြေကုပ်ယူထားနိုင်တယ်လို့ စစ်ကောင်စီဘက်က ယူဆလေ့ရှိပြီး စစ်ကြောင်းထိုးမီးရှို့မှုတွေ လုပ်လေ့ရှိပါတယ်။

Photo – CJ