ဖားကန့်မှာရွာထဲ လက်နက်ကြီးကျည်ကျလို့ နေအိမ်နှစ်လုံးပျက်စီးပြီး အမျိုးသမီးတဦးဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မြောက်ပိုင်း လုံးခင်းကျေးရွာအုပ်စုက မဇွပ်ယန်ရွာထဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ နေအိမ်နှစ်လုံးပျက်စီးခဲ့သလို အမျိုးသမီးတဦးလည်း စိုးရိမ်ရဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

မဇွပ်ယန်ရွာထဲကို ဒီကနေ့ မနက် ရှစ်နာရီလောက်မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးမိခင် အမျိုးသမီး တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ရွာထဲတိုက်ရိုက်ကျတော့ နေအိမ်ခေါင်မိုးတွေ ဝန်းထရံတွေပျက်စီးကုန်တယ်၊ သုံးလုံးကျတာပါ၊ နေအိမ်ခြံထဲရှိနေတဲ့ မိန်းမတစ်ယောက်ထိသွားတယ်၊ ရွာထဲအထိ လက်နက်ကြီးတွေကျနေတော့ ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်သွားတဲ့ အမျိုးသမီးဟာ ကချင်တိုင်းရင်းသူ ဒေါ်လခိဂျာအန့်ဆိုသူဖြစ်ပြီး ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်တယ်လို့ သိရပါတယ်။လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အဲ့ဒီဒေသခံအ မျိုးသမီးဟာ စိုးရိမ်ရဒဏ်ရာရရှိထားပြီး လက်ရှိအထိ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။

မဇွပ်ယန်ရွာအနီး တဝိုက်မှာ  ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အာဏသိမ်း စစ်ကောင်စီတပ်တွေ ထိတွေ့ တိုက်ပွဲတွေ မကြာမကြာ ဖြစ်တတ် သလို စစ်အုပ်စုကလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ် လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာလည်း မနေ့က ဖေဖော်ဝါရီ ၂၃ရက် မနက်ပိုင်းကစပြီး မဇွပ်ယန်ရွာနား မှာ တိုက်ပွဲတွေဖြစ် ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာရွာထဲ လက်နက်ကြီးကျည်ကျတာလို့ သိရပါတယ်။