မီဇိုနဲ့ချင်း အဆိုတော်တွေ Cover ပြန်ဆိုထားတဲ့ သီချင်း ကမ္ဘာမှာ ရေပန်းစားနေ

မီဇိုနဲ့ချင်း အဆိုတော်တွေ Cover ပြန်ဆိုထားတဲ့ We are the world သီချင်းဟာ အခုရက်ပိုင်းအတွင်း Youtube ချန်နယ်မှာ ရေပန်းစားနေပြီး နိုင်ငံတကာ You Tubers တွေရဲ့ စိတ်ဝင်စားခံနေရပါတယ်။ 

အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ အမေရိကန် ၊ နယူးဇီလန်ရောက် ချင်းအဆိုတော်တွေ ပူးပေါင်းထားပြီး  Chinlung Chuak Artist လို့ အမည်ပေးထားတဲ့အဖွဲ့က ပြန်လည်သီဆိုတဲ့ ဒီCover သီချင်းဟာ လွန်ခဲ့တဲ့ သီတင်းပတ် သုံးပတ်လောက်က ထွက်ရှိခဲ့တာပါ။ 

အမေရိကန် ၊ ဖိလစ်ပိုင် ၊ မလေးရှား ၊ ဂျပန် စတဲ့နိုင်ငံတွေက You Tubersနဲ့ Vloggers တွေက ၂၀၂၃ နှစ်သစ်မှာ ထွက်ရှိလာတဲ့ We are the world သီချင်း ဗားရှင်းအသစ်ကို ကြိုက်နှစ်သက်တယ်လို့လည်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။  

ဒီသီချင်းကို ပြန်လည်သီဆိုရတဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိအောင်နဲ့ ကမ္ဘာကြီးအနေနဲ့ တညီတညွတ်တည်း ပူးပေါင်းပြီး မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး အခွင့်အရေးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ 

We are the world မူရင်းသီချင်းကို ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချေးတို့က ရေးသားခဲ့ပြီး ၁၉၈၅ခုနှစ်မှာ ဖြန့်ချိခဲ့တာပါ။ ဂရမ်မီဆုလည်းရရှိခဲ့တဲ့ သီချင်းဖြစ်ပြီး နိုင်ငံတကာမှာလည်း  အမြောက်အများ ပြန်လည်သီဆိုခဲ့ကြပါတယ်။