တရုတ် ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှု ခြောက်ဦးထက်မနည်းသေပြီး ငါးဆယ်နီးပါး ပျောက်ဆုံးနေ

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ကျောက်မီးသွေး မိုင်းတွင်းတခု ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေ ဆက်လက် မြင့်တက်လာနေပြီး လူပေါင်း ငါးဆယ်နီးပါးလောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေး ထုတ်လုပ်ရာ အဓိက နယ်မြေ တခုဖြစ်တဲ့ အတွင်း မွန်ဂိုလီးယားမှာ ဖေဖော်ဝါရီ ၂၂ ရက်က မိုင်းတွင်းပြိုကျမှုတခု ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာ အသေအပျောက် ၂ ဦးရှိတယ်လို့ တာဝန်ရှိသူတွေက ကြေညာခဲ့ပေမယ့် ၂၄ နာရီအတွင်း သေဆုံးသူ ဦးရေက ၆ ဦးထိ မြင့်တက်လာကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် မိုင်းတွင်းထဲမှာ ပိတ်မိပြီး ပျောက်ဆုံးနေသူ ၄၇ ဦးထက်မနည်း ရှိနေပြီး သူတို့ရဲ့ ကံကြမ္မာကိုလည်း တိတိကျကျ မသိရသေးပါဘူး။ အခင်းဖြစ်ပွားရာ မိုင်းတွင်းကို ဒေသခံ ရှင်ဂျင်း ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီက ပိုင်ဆိုင်ထားတာပါ။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက်ရှာဖွေနေချိန် အဲဒီနေရာမှာ ဆိုးဆိုးရွားရွား မြေပြိုမှုတခု ထပ်ဖြစ်ခဲ့ပြန်ပါသေးတယ်။ မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာ ရတာမျိုးတွေ မရှိခဲ့ပေမယ့်လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမို နှောင့်နှေးကုန်ပါတယ်။

CCTV ရုပ်မြင်သံကြား ဌာနက ထုတ်ပြန်တဲ့ ဗီဒီယို မှတ်တမ်းတွေအရ အနားမှာရှိတဲ့ တောင်တလုံးကနေ မြေပြိုမှု ဖြစ်ခဲ့ပြီး မိုင်းတွင်းနေရာနားမှာ ရပ်ထားတဲ့ မြေတူးစက်၊ မြေသယ်ယာဉ်တွေ အပါအဝင် စက်ယန္တရား တော်တော်များများကို ကျောက်တုံးတွေ၊ ဖုန်တွေ ဖုံးလွှမ်းသွားတာ တွေ့ရပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပတ်တကုတ် ဆောင်ရွက်ကြဖို့ရော၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖို့ပါ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။

တရုတ်က သတ္တုနဲ့ ကျောက်မီးသွေး မိုင်းတွင်း တော်တော်များများဟာ လုံခြုံရေး စံနှုန်းဆိုင်ရာ အားနည်းချက်တွေ ရှိနေကြဆဲဖြစ်ပြီး ဆိုးရွားတဲ့ မိုင်းတွင်း မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွားခဲ့ဖူးပါတယ်။

 

Ref: