ဘာစီလိုနာ နိုင်ပွဲအပြီး ဘယ်လို ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်စွမ်း ရှိနေပြီလို့ တန်ဟက်ဂ် ကြွေးကြော်

ဘာစီလိုနာကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့နောက် သူ့အသင်းဟာ ကမ္ဘာပေါ်မှာ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို ဖြိုခွင်းနိုင်စွမ်း ရှိနေပြီလို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ကြွေးကြော်လိုက်ပါတယ်။

ပထမအကျော့ စပိန်မြေမှာ ၂ ဂိုးစီ သရေကျခဲ့တဲ့နောက် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပွဲစဉ် ဒုတိယအကျော့မှာ ယူနိုက်တက်ဟာ စပိန်ထိပ်သီး ဘာစီလိုနာကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်လှမ်းခဲ့ပါတယ်။

ဘာစီလိုနာဟာ ရောဘတ် လီဝင်ဒေါစကီးရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ဖရက်ဒ်နဲ့ အန်တိုနီတို့က ဂိုးတွေ ပြန်သွင်းပြီး အနိုင်ရသွားခဲ့တာပါ။ ဒီအခြေအနေကြောင့် နယ်သာလန် မန်နေဂျာ တန်ဟက်ဂ် ဦးဆောင်တဲ့ အသင်းဟာ အခုရာသီ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆက်ပြီး ယှဉ်ပြိုင်နေဆဲ ဖြစ်လာပါတယ်။ ယူနိုက်တက်ဟာ အခု သီတင်းပတ်ကုန်မှာ နယူးကာဆယ် ယူနိုက်တက်နဲ့ ကာရာဘောင်း ဗိုလ်လုပွဲကိုလည်း ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။

အသင်းတသင်းဟာ ကိုယ့်ကိုယ်ကိုယ် ခိုင်ခိုင်မာမာ ယုံကြည်အားကိုးစိတ်မျိုး ရှိလာဖို့အတွက် အားကောင်းတဲ့ ရလဒ်တွေ လိုအပ်ကြောင်း၊ ဘာစီလိုနာလို ပြိုင်ဘက်မျိုးကို အနိုင်ယူနိုင်တယ် ဆိုတာက အသင်းအတွက် ရှေ့ဆက် ခြေတလှမ်း တိုးလိုက်တာလို့ ခံစားမိကြောင်း၊ ဘာစီလိုနာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေထဲက တခုဖြစ်ပြီး သူတို့ကို အနိုင်ရလိုက်ခြင်းဟာ ဘယ်လို ပြိုင်ဘက်ကိုမဆို ကျော်လွှားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရရှိလာစေကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။

ဘာစီလိုနာကို အနိုင်ရခဲ့တာနဲ့ ပတ်သက်လို့လည်း သူက တကယ့်ကို ပဉ္စလက်ဆန်တဲ့ ညတည ဖြစ်ခဲ့ကြောင်း၊ စပိန် လာလီဂါ ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်လို ထိပ်တန်း အသင်းကို ၈ မှတ် ဖြတ်ထားတဲ့ ဘာစီလိုနာကို အနိုင်ယူခဲ့တာဖြစ်ကြောင်း၊ ရီးရဲလ်ဆိုတာ ဘယ်လောက် ကောင်းတဲ့ အသင်းမျိုးလဲ ဆိုတာ အခုသီတင်းပတ်မှာ အားလုံး မျက်ဝါးထင်ထင် တွေ့ခဲ့ပြီး ဖြစ်ကြောင်း (ရီးရဲလ်ဟာ ချန်ပီယံလိဂ် ပွဲစဉ်မှာ နာမည်ကြီး လီဗာပူးလ်ကို ၅-၂ နဲ့ အနိုင်ရထားပါတယ်)၊ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ဟာ တကယ့်ကို ထူးကဲခဲ့ပြီး အသင်းကြီးတွေကို ဖြိုနိုင်တယ်ဆိုတာ မြင်သာစေခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။

တန်ဟက်ဂ်က ဒီပွဲမှာ ချေပဂိုး သွင်းခဲ့သလို ဘာစီလိုနာ အလယ်တန်းကို တချိန်လုံး ဟန့်တား နှောင့်ယှက်နေခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ်ကိုလည်း ချီးကျူးခဲ့ပါတယ်။ ဖရက်ဒ်ဟာ ဘာစီလိုနာ ကွင်းလယ်ဖန်တီးရှင် ဖရန်ကီ ဒီယောင်ရဲ့ အနီးတဝိုက်မှာ ခြင်တကောင် ပတ်ပျံနေသလို တောက်လျှောက် အနှောင့်အယှက် ပေးနေခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာလည်း မားကက်စ်ရက်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်အောင် လှလှပပ ဖန်တီးမှုတကြိမ် ပြုလုပ်ပြခဲ့ပြီး အခုပွဲမှာတော့ ဂိုးပါ သွင်းသွားကြောင်း၊ ဖရက်ဒ်ရဲ့ စွမ်းဆောင်ရည်က ဩချလောက်စရာ ဖြစ်ခဲ့ကြောင်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။

 

Ref: ESPN