တနင်္သာရီမှာ စစ်တပ်က PDF အယောင်ဆောင်ပြီး စစ်ဆေးမှုတွေလုပ်နေ

တနင်္သာရီတိုင်းကအဝေးပြေးကားလမ်းမတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ယူနီ ဖောင်းတွေကို ဝတ်ဆင်ကာ အသွင်ယူစစ်ဆေးတာတွေ လုပ်ဆောင်မှုရှိလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မြိတ်-ထားဝယ်၊ ထားဝယ်-ထီးခီးအဝေးပြေးလမ်းပိုင်း၊ စစ်ကောင်စီတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့နေရာတွေနဲ့ ရှောင်တခင်ဝင်ရောက် စစ်ဆေးတဲ့အခါမျိုးတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက PDF တပ်ဖွဲ့ယူနီးဖောင်းဝတ်ဆင်ပြီး စစ်ဆေးနေတာရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

“ ဒီဖေဖော်ဝါရီလအစပိုင်းမှာ ကျွန်တော်တို့ ဒီသတင်းကို ကြားရတာ၊ဟုတ်၊မဟုတ် အတည်ပြုလို့ရအောင်ဆိုပြီး ကျွန်တော်တို့နဲ့ နီးစပ်သူတွေကို သွားကြည့်ခိုင်းတာမျိုးရှိခဲ့တယ်၊အဲ့မှာ တကယ်တွေ့ခဲ့တာပါ၊ ဒီကောင်တွေ ပြည် သူတွေနဲ့ PDF တွေကို အထင်မြင်လွဲမှား စေတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာလို့ထင်တယ်”လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ရာနယ်မြေစခန်းတွေကို ဝင်ရောက်တိုက် ခိုက်ပြီးနောက် သိမ်းဆည်းရ မိခဲ့တဲ့ PDF တပ်ဖွဲ့ဝင်ယူနီဖောင်းအင်္ကျီနဲ့ဆက်စပ်ပစ္စည်းတွေကို ဝတ်ဆင်ပြီး စစ် ဆေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ထားဝယ်-ထီးခီး၊မြိတ်-ထားဝယ် လမ်းပိုင်းတွေနဲ့ စစ်ကောင်စီဘက်က နယ်မြေစိုးမိုးမှုရှိတဲ့နေရာမှာ အဲ့ဒီလို အယောင်ဆောင် စစ်ဆေးမှုတွေ လုပ်နေတာလို့ သိရပါတယ်။ အဲ့ဒီလိုစစ်ဆေးမှုုတွေရှိနေတာကိုမျက် မြင်တွေ့ရတဲ့အကြောင်း ဒေသခံတဦးကလည်း အတည်ပြုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက PDF ယူနီဖောင်းဝတ်စုံဝတ်ဆင်ကာ ပလမြို့နဲ့ ပုလောမြို့ အကြား မြိတ်-ထားဝယ် အ ဝေးပြေးကားလမ်းမဘေးမှာရှိတဲ့ သင်္ကန်းတောရွာဘက်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေတာ ဖေဖော်ဝါရီ၂၁ ရက်မှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

 “အရင်ကလည်း အဲမှာ စစ်နေတာမျိုး တွေရှိတယ်၊ အဲဒီတုန်းကတော့ သူတို့က စစ်သားအင်္ကျီနဲ့ပဲ၊ ကျွန်မတို့ သား အမိနှစ်ယောက် ရွာကနေ အပြန်မှာ စစ်ခံရတာ၊ အစကတော့ PDF တွေပဲထင်ပါတယ်၊တော်တော်လေး ခွဲရခက် ပါတယ်၊သူတို့တွေ စကားပြောတော့မှပဲ သိရတာ၊သူတို့မဟုတ်ဘူးဆိုတာ၊ ဒီကPDF တွေက ထားဝယ်အသံ ပေါက် တယ်လေ၊ ဘေးနားမှာ ချထားတဲ့ သူတို့ရဲ့အသုံးအဆောင်ပစ္စည်းတွေက စစ်သားအသုံးအဆောင်ပစ္စည်းတွေ ဆို တော့လေ” လို့သူက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအပါအဝင် ဒေသတချို့မှာလည်း အလားတူ PDF အယောင်ဆောင်ပြီး စစ်ဆေးမှု တွေလုပ်တာ၊စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးပါတယ်။

အရင်က တနင်္သာရီတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ မူးယစ် ဆေးဝါးနဲ့ စစ်တပ်ထုတ်ကုန်တွေ သယ်ဆောင်လာမှုရှိ၊ မရှိနဲ့ လုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေး တာ တွေ ရှိခဲ့ပေမယ့် ယခုလအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဆေးမှု လုပ်ငန်း တွေ ရပ်ထားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းက မြို့နယ်အများစုက အဝေးပြေး ကားလမ်းမ ကြီးပေါ်မှာ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ တွေမလုပ်ကြဖို့၊သတ်မှတ်ထားတဲ့အချိန်မှာ သတိနဲ့ သွားလာကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ မြို့အဝင်မြို့အထွက်ဂိတ်တွေနဲ့ တချို့စစ်ဆေး ရေး ဂိတ်တွေမှာလည်း ခရီးသွားအိမ်စီးကားတွေနဲ့ ကုန်တင်ယာဉ်တွေဆီက အဆမတန်ငွေကြေးတောင်းခံမှုတွေလည်း ရှိနေတဲ့အပြင် လုံခြုံရေးအကြောင်း ပြချက်နဲ့ စစ်ဆေးရာမှာလည်း ကြန့်ကြာမှုတွေရှိနေတဲ့အတွက် ကုန်စည်စီး ဆင်းမှုအပေါ်မှာ သက်ရောက်မှုတွေ ရှိလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။