နေပြည်တော်လေကြောင်း ကာကွယ်ရေးတပ်တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေ

နေပြည်တော်က စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ် မနေ့ဖေဖော်ဝါရီ ၂၂ ရက်က တာဝေးပစ်ရှော့ တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဒီကနေ့မှာ စစ်ကောင်စီက နေပြည်တော်နဲ့ထိစပ်ဒေသတွေကို စစ် ကြောင်းထိုးပြီးနယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်) တာ ဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

နေပြည်တော်၊ပျဥ်းမနားအရှေ့ဘက်တောင်ပေါ်ဒေသကလေကြောင်းရန်ကာကွယ်ရေးတပ် အမှတ်(၂၀၃၀) ကို ဖေဖော်ဝါရီ ၂၂ ရက်မနက်ပိုင်းကရှော့ခ်တိုက်ဒုံးနှစ်လုံးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ဗဟိုကင်းအနီးအဆောက်အဦကို တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။

“အကွာအဝေးနဲ့ထိရောက်မှုကတော့ပြောလို့မရဘူး၊အရာရှိလိုင်းခန်းပေါ်ကျတယ်လို့သိထားတယ်၊ သေဆုံးမှုတွေ ကိုအတည်မပြုနိုင်သေးဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီအကြီးအကဲတွေအခြေစိုက်ရာနေရာဖြစ်သလို စစ်တပ်လုံခြုံရေးတင်းကျပ်တဲ့ နေပြည်တော်မှာ အရင် ကလည်း မိုင်းဆွဲတိုက်ခိုက်တဲ့စစ်ဆင်ရေးတွေလုပ်ခဲ့တာရှိတယ်လို့ သူကဆက်ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့ကတခြားနေရာတွေမှာလဲတိုက်ပွဲတွေမှာအမြဲပါခဲ့သလိုနေပြည်တော်ကိုလဲချန်မထားဘဲအခွင့်အရေးရသလိုတိုက်ခိုက်နေပါတယ်။အခက်အခဲကတော့တခြားနေရာတွေမှာအကြိမ်ကြိမ်လုပ်နိုင်ပေမယ့် နေပြည်တော်ကိုတခါလုပ်နိုင်ဖို့ကမလွယ်သလိုအချိန်သေချာယူပြီးပြုလုပ်ရတယ်” လို့ဆိုပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ နေပြည်တော်အနီးတဝိုက်ဒေသတွေဖြစ်တဲ့ ပျဥ်းမနားအရှေ့ဘက် တောင်ပေါ်ဒေသတွေနဲ့ ရှမ်းကယားနယ်စပ် ဖယ်ခုံ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးဘက်နဲ့ ပဲခူးတိုင်း ဘက်တွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့လည်း သိရပါတယ်။ 

စစ်တပ်နယ်မြေရှင်းလင်းရေးပုံစံနဲ့ အဲဒီလိုစစ်ကြောင်းထိုးမှုတွေလုပ်ဆောင်နေပေမယ့် ဒေသခံတွေဖမ်းဆီးခံရတာ၊ တိမ်းရှောင်ရတာတွေတော့ မရှိသေးဘူးလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်) တာဝန်ရှိ သူကဆိုပါတယ်။