ဖေဖော်ဝါရီ ၊ ၂၃
ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊မြေနီကုန်း၊ရန်ကင်းလမ်းမပေါ်ကသျှားတည်းခိုခန်းမှာတည်းခိုနေတဲ့လူငယ်တဥဦးကိုဒီလ ၂၂ရက်၊ညဆယ်နာရီခန့်ကမြေနီကုန်းအုပ်ချုပ်ရေးမှူးနဲ့စစ်ကောင်စီတပ်တွေကလမ်းမပေါ်အထိဆွဲထုတ်ရိုက်နှက်ပြီးဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။
စစ်ကား၊ရဲကား ၇ စီးလောက် ပါဝင်ပြီးအင်အားအလုံးအရင်းနဲ့ဝင်ရောက်ရိုက်နှက်ပြီးဖမ်းဆီးသွားသလိုလင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ချုပ်ရေးမှူးတွေဟာညတိုင်းဆိုသလိုအခုလိုလမ်းတွေကိုပိတ်ဆို့ရှာဖွေနေတာလို့သိရပါတယ်။
“ခုကရန်ကုန်ထဲယူဂျီတွေဝင်တယ်ဆိုတဲ့ကိစ္စမှာစမ်းချောင်းလဲပါတယ်ဆိုပြီးသတင်းကထွက်ထားတာရယ်၊လင်းလွန်းတောင်အုပ်ကြီးအပစ်ခံရတာရယ်ပေါင်းပြီးညတိုင်းလိုလိုလမ်းတွေကိုပိတ်ပြီးဧည့်စာရင်းလိုလိုဘာလိုလိုနဲ့ပိတ်စစ်နေတာ။ခုကောင်လေးကိုလဲလမ်းမအထိကိုဆွဲထုတ်ပြီး ခြောက်ယောက်လောက်ဝိုင်းရိုက်ပြီး မှခေါ်သွားတာ ။ပြည်သူတွေကိုလဲခြောက်တာဒီကောင်တွေက”လို့ အမည်မဖော်လိုတဲ့စမ်းချောင်းဒေသခံတဦးက DNA ကိုပြောပါတယ်။
အဲ့ဒီ့ရန်ကင်းလမ်းမှာရှိတဲ့သျှားတည်းခိုခန်းဟာစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတလမှာလိုင်းကြေးဆယ်သိန်းအထက်ပေးပြီးလုပ်ကိုင်နေတဲ့တည်းခိုခန်းတခုဖြစ်ပြီးအခုလိုတည်းခိုနေတဲ့လူငယ်ဖမ်းဆီးခံရမှုမှာသတင်းပေးပို့လိုက်တာဖြစ်တယ်လို့ဒေသခံတွေကဆိုပေမယ့်DNAကတော့သီးခြားအတည်ပြုချက်မရယူနိုင်သေးပါဘူး။
“ဖမ်းသွားတဲ့ကလေးကိုတော့စမ်းချောင်းရဲစခန်းခေါ်သွားတယ်ကြားတယ်။ပထမမြေနီကုန်းအုပ်ကြီးအောင်မြင့်နဲ့ကားသုံးစီးအရင်ရောက်လာတာပြီးမှစစ်ကားလေးစီးထပ်ရောက်လာပြီးဆွဲထုတ်ပြီးလမ်းလယ်မှာရိုက်နှက်ပြီးစစ်ကားပေါ်တင်သွားတာ။ထူးတာကပြန်ထွက်သွားတော့အနောက်ကအိမ်စီးကားတစီးမှားသဃ်န်းဝတ်တွေပါတဲ့ကားတစီးလဲပါသွားတာတွေ့လိုက်ရတယ် “လို့လည်းစမ်းချောင်းဒေသခံတဦးကထပ်ပြောပါတယ်။
ဝင်ရောက်ဖမ်းဆီးရာမှာပါဝင်တဲ့မြေနီကုန်းအုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဆိုသူဟာသူရုံးထိုင်တဲ့ရုံးကိုမြို့ပြပျောက်ကြားတွေနှစ်ကြိမ်တိုင်တိုင်ဗုံးခွဲတိုက်ခိုက်ခဲ့ရာကနေလွတ်မြောက်ခဲ့တဲ့သူတဦးလို့လဲသိရပါတယ်။
စမ်းချောင်းမြို့နယ်မှာလဲစစ်ကောင်စီတပ်တွေပိတ်ဆို့စစ်ဆေးတာတွေလူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးတာတွေတောက်လျောက်ဆိုသလိုဆက်ရှိလာပြီးဒီကနေ့မနက်ပိုင်းမှာလဲမြို့နယ်ခြင်းကပ်ရပ်ဖြစ်တဲ့ကြည့်မြင်တိုင်မြို့နယ်၊စည်ပင်ရုံးရှေ့မှာဗုံးပေါက်ကွဲခဲ့လို့စစ်ကောင်စီတပ်တွေက စာတိုက်မှတ်တိုင်ကနေဗဟိုစံပြငါးစျေးအထိပိတ်ဆို့ပြီးစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့လဲဒေသခံတွေ ဆီကတဆင့်သိရပါတယ်။
ကြည့်မြင်တိုင်စည်ပင်ရုံးအနီးဗုံးပေါက်ကွဲမှုမှာတော့ထိခိုက်သေဆုံးတာမျိုးမရှိခဲ့ဘူးလို့လဲသိရပါတယ်။