ဖေဖော်ဝါရီ၊ ၂၃
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊မေဃ၀တီ ၄ လမ်းမှာရှိတဲ့ နေအိမ်တခုမှာ မနေ့ဖေဖော်ဝါရီ၂၂ ရက်ညပိုင်းက အသက် ၃နှစ်အရွယ်ကလေးငယ် အပါအဝင် မိသားစု ( ၅ ) ဦး ကိုအမည်မသိ လူတစုက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညပိုင်း (၈)နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန်ဟာ ရပ်ကွက်အတွင်း လူသွားလူလာ မပြတ်သေးချိန် ဖြစ်တယ်လို့လည်း သိရပါတယ်။
” သူတို့မိသားစု လူသစ်တွေ ပြောင်းလာတာ မကြာသေးဘူး။ ပစ်တာကတော့ အိမ်ရှေ့မှာရှိတဲ့ ကလေးကို အရင်ပစ်သွားတာ၊ ပြီးတော့ ကျန်တဲ့မိသားစုတွေကို ဆက်ပစ်တာလို့ သိထားရတယ်။ သေနတ်သံတွေတောင် အရမ်းကျယ်ကျယ် မကြားလိုက်ရဘူး။ အလောင်းတွေကတော့ ညကတည်းက လာယူသွားပြီ။ ညကတည်းက စစ်သားနဲ့ရဲတွေ တော်တော်နဲ့ မပြန်ဘူး ။ စစ်ဆေးနေကြတာ” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံက DNA ကိုပြောပါတယ်။
ပစ်ခတ်ခံရသူတွေထဲ အသက်( ၃ )နှစ်အရွယ်ကလေးငယ်တဦး၊ အမျိုးသမီး ၂ဦးနဲ့ အမျိုးသား ၂ဦးပါဝင်ပြီး ပစ်ခတ်မှုဖြစ်ဖြစ်ချင်း အားလုံးနေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရတဲ့ မိသားစုဟာ ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ငန်းလုပ်သူတွေ ဖြစ်တယ်လို့ အနီးအနားဒေသခံတွေက ပြောပါတယ်။
” သူတို့အပစ်ခံရတာ နိုင်ငံရေးနဲ့မဆိုင်ဘူးလို့လည်း သိထားတယ်။ ပစ်ခတ်ခံရချိန်မှာတော့ အိမ်ထောင်ဦးစီးကမရှိဘူး။ လာလည်တဲ့ဦးလေးတယောက်နဲ့ အဖွားကြီးရဲ့ သားတယောက်ပဲ ရှိနေတာလို့လည်း သိထားတယ်”လို့ ရပ်ကွက်ဒေသခံတဦးက ပြောပါတယ်။
အခု ဖေဖော်ဝါရီလထဲမှာပဲ တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်ထဲက ပလောက်မြို့ ကျောက်လုံးကြီးကျေးရွာအုပ်စု အလယ်ကုန်းရွာမှာ တနှစ်အရွယ် ကလေးငယ်တဦး အပါအဝင် မိသားစု (၈)ဦး သတ်ဖြတ်ခံ ခဲ့ရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် အခုလအတွင်းမှာတင် ကလေးငယ်တွေနဲ့ မိသားစုလိုက် အသတ်ခံရတဲ့ဖြစ်စဉ် နှစ်ခုရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိ လှည်းကူးမြို့က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ကြေညာတာ မရှိပေမယ့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေကို စွပ်စွဲဝါဒဖြန့်နေတာ တွေ့ရပါတယ်။