လောင်းလုံးPDF က နေအိမ်တအိမ်ကိုဝင်စီးပြီး ကားနဲ့ရွှေငွေတွေကို သိမ်းဆည်း

ဖေဖော်ဝါရီ၊ ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာက နေအိမ်တအိမ်ကိုစီးနင်းကာ ကားတစီး၊ ငွေသား ကျပ်သိန်း သုံးဆယ်ကျော်၊ရွှေထည်တွေနဲ့ လက်ကိုင်ဖုန်းတွေကိုသိမ်းဆည်းခဲ့တယ်လို့ လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ‌ထုတ်ပြန်ပါတယ်။

အဲ့ဒီလိုစီးနင်း သိမ်းဆည်းခဲ့တဲ့ နေအိမ်ဟာ  လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေရဲ့ နေအိမ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး အဲ့ဒီနေအိမ်က ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးအောင်မိုးနဲ့ ဒေါ် ယဉ်ယဉ်သန်းတို့ လင်မယားကို ရှင်းလင်းဖို့ စီစဉ်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားလို့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇလွတ်ရွာမှာပဲ နေထိုင်တဲ့ နောက်ထပ်ပျူစောထီးတဦးဖြစ်တဲ့ ဝင်းသိန်းပုကလည်း နေအိမ်ကနေ ကားနဲ့ ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးပစ်ခတ်ရာမှာ သေဆုံးသွားတယ်လို့ လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲ့ဒီဖြစ်စဉ်မှာလည်း ကျပ်ဆယ်သိန်းကျော်၊ထိုင်းဘတ်(၁၄၀)၊မလေးငွေ (၁၁)ရင်းဂစ်နဲ့ လက်ကိုင်ဖုန်းတလုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီစီးနင်းရှင်းလင်းမှုတွေ အပြီးမှာ ကျောက်နီမော် ပျူစောထီးစခန်းက ကားနှစ်စီး ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်လို့ မိနစ်နှစ်ဆယ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က စီးနင်းတိုက်ခိုက်ခဲ့သူတွေဟာ ဒေသတွင်းက ပျူစောထီးခေါင်း ဆောင် ချစ်စမ်းမောင်ရဲ့ တပည့်တွေလို့ဆိုပြီး လူသတ်မှု၊ဓားပြတိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အဲ့ဒီအချက်ကိုတော့ DNA က သီးခြားအတည်မပြုနိုင်ပါဘူး။တနင်္သာရီ ၊ ထားဝယ်ဒေသအခြေစိုက် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကတော့ မနေ့က စီးနင်းခံရတဲ့ နေအိမ်ပိုင်ရှင်တွေဟာ ဒေသခံတွေကြားမှာ စစ်တပ်သတင်းပေးအဖြစ် နာမည်မထွက်သူတွေလို့ ပြောပါတယ်။

“ရွာသားတွေကတော့ သူကသတင်းပေးလုပ်တယ်လို့လည်း အသံမထွက်ဘူး၊သတိပေးစာပေးခံရတာမျိုးလည်း မရှိ ဘူးလို့ပြောတယ်”လို့ သူကဆိုပါတယ်။

 ဦးအောင်မိုးဟာ အနီးဝန်းကျင်မှာငွေတိုးချေးတဲ့ အလုပ်လုပ်ကိုင်တဲ့အပြင် ဆိုင်ကယ်ပြုပြင်တဲ့အလုပ်ကို လုပ်ကိုင် သူတဦးဖြစ်တာကြောင့် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက ခေါ်ပြင်တာမျိုး ရှိနိုင်ပေမယ့် စစ်ကောင်စီကို သတင်းပေး၊ဒလန်လုပ်နေသူ မဟုတ်ဘူးလို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။

လက်ရှိမှာလည်း ဦးအောင်မိုး မိသားစုရဲ့အကူအညီတောင်းခံမှုအရ ဒေသကာကွယ်ရေးအဖွဲ့ဘက်နဲ့ ညှိနှိုင်းဖို့စာ ပေးပို့ထားပေမယ့် ပြန်လည်ဆက်သွယ်တာမျိုး မရှိသေးဘူးလို့လည်း သူကပြောပါတယ်။

“ဦးဝင်းသိန်းကတော့ စစ်ကောင်စီအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ​ရွာကပြောတာပေါ့၊ဒါပေမယ့် သတင်း ပေး၊ဒလန်လုပ်နေလားတော့ သူတို့လည်းမပြောဘူး”လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

Photo – LLPDF