တရုတ် မိုးပျံပူဖောင်းပေါ် ဖြတ်ပျံချိန် လေသူရဲတဦး ရိုက်ယူလာတဲ့ Selfie ဓာတ်ပုံကို အမေရိကန် ထုတ်ပြန်

ဖေဖော်ဝါရီ၊ ၂၃

တရုတ် မိုးပျံပူဖောင်း အပေါ်ကနေ ဖြတ်ပျံရင်း လေတပ် လေသူရဲ တဦးက ရိုက်ယူလာတဲ့ Selfie ဓာတ်ပုံကို အမေရိကန်က ထုတ်ပြန် ပြသခဲ့ပါတယ်။

အခုလ အစောပိုင်းမှာ အမေရိကန်က သူလျှိုထောက်လှမ်းရေး ကိရိယာအဖြစ် စွပ်စွဲပြီး ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူဖောင်း အမေရိကန် လေပိုင်နက်ထဲမှာ အကောင်း ပကတိအတိုင်း ရှိနေသေးတဲ့ အချိန်တုန်းက အဲဒီ ပုံကို U-2 ထောက်လှမ်းရေး လေယာဉ်တစီးရဲ့ လေသူရဲက ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ တရုတ် မိုးပျံပူဖောင်းဟာ F-22 Raptor တိုက်လေယာဉ် တစီးက ပစ်လွှတ်လိုက်တဲ့ Sidewinder ဒုံးကျည် ထိမှန်ပြီး တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် အရှေ့ပိုင်းက အတ္တလန္တိတ် သမုဒ္ဒရာထဲကို ပျက်ကျသွားခဲ့ပါတယ်။

အမေရိကန်က မိုးပျံပူဖောင်းရဲ့ အစိတ်အပိုင်းတွေကို လိုက်လံရှာဖွေ ဆယ်ယူပြီး သူလျှိုကိရိယာ တခုဆိုတဲ့ စွပ်စွဲချက်ကို ခိုင်မာအောင် ပြသဖို့ ကြိုးစားနေပါတယ်။ တရုတ်ကတော့ ဒါဟာ အမေရိကန် လေပိုင်နက်ထဲ အကြောင်းမလှဘဲ ဝင်ရောက်သွားတဲ့ ရာသီဥတု စူးစမ်းရေး မိုးပျံပူဖောင်း တခုသာ ဖြစ်တယ်လို့ အခိုင်အမာ ဖြေရှင်းထားပြီး အရပ်ဖက် သုတေသနပစ္စည်းတခုကို အင်အားသုံး ပစ်ချတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို ရှုတ်ချထားပါတယ်။

အရင်ကတည်းက ဆက်ဆံရေး တင်းမာမှုတွေ ရှိနေခဲ့တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုကြားမှာ မိုးပျံပူဖောင်း ကိစ္စကြောင့် အခြေအနေတွေက ပိုပြီး ရှုပ်ထွေးခဲ့ပါတယ်။ နောက်ပြီး အမေရိကန်က တရုတ်ဟာ အဲဒီလို မိုးပျံပူဖောင်းမျိုးတွေ အများအပြားကို ကမ္ဘာအနှံ့ လွှတ်တင်ပြီး သူလျှိုမစ်ရှင်တွေ လုပ်ဆောင်နေတယ်လို့ပါ စွပ်စွဲထားပါတယ်။

တရုတ်ရဲ့ မိုးပျံပူဖောင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀၀ လောက် အမြင့်မှ မျောလွင့် ပျံသန်းနေခဲ့တာဖြစ်ပြီး U-2 လေယာဉ်ကတော့ ပေ ၇၀၀၀၀ အမြင့်လောက်ကနေ ချဉ်းကပ်ပြီး စောင့်ကြည့် လေ့လာခဲ့တာလို့ လေတပ်က ထုတ်ပြန်ထားပါတယ်။

Dragon Ladyလို့ ချစ်စနိုး ခေါ်ဝေါ်တဲ့ U-2တွေဟာ မြင့်မားလှတဲ့ နေရာတွေမှာ အရမ်းမြန်အောင် ပျံသန်းနိုင်ဖို့ ဒီဇိုင်းထုတ် တီထွင် တည်ဆောက်ထားပါတယ်။ တယောက်စီး U-2တွေကို တာဝန်ယူ ပျံသန်းတဲ့ လေသူရဲတိုင်းဟာ အာကာသ ယာဉ်မှူးတွေ ဝတ်ရတဲ့ ဖိအားဒဏ်ခံ ဝတ်စုံမျိုးတွေ ဝတ်ဆင်ဖို့လည်း လိုအပ်ကြောင်း သိရပါတယ်။

 

Ref: Independent