ကျောက်တံခါးကရန်ကုန်-မန္တလေးလမ်းမပေါ်တံတားမိုင်းခွဲခံရပြီးနောက်ဒေသခံငါးဦးဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ကရန်ကုန်-မန္တလေး လမ်းမပေါ်တံတား မိုင်းခွဲခံရပြီးနောက်  အနီးအနားက ကျွန်းကုန်နဲ့ခင်ကြီးရွာတွေမှာနေ့စဥ် ဧည့်စာရင်းစစ်ဆေးနေတဲ့အပြင် ဒေသခံ ၅ ဦး ကိုလည်းဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတွေကDNA ကိုပြောပါတယ်။

” ခင်ကြီးရွာက သုံးဦးရယ် ၊ကျွန်းကုန်ကနှစ်ဦး ကိုမြို့ကရဲစခန်းထဲဖမ်းခေါ်သွားတယ်။အကုန်လုံးကလူငယ်လူလတ်အရွယ်တွေချည်းပဲ။မေးစရာရှိလို့ဖမ်းခေါ်သွားတာ။အခုအထိပြန်မလွတ်သေးဘူး” လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာအသက် ၂၅နှစ်ဝန်းကျင်အရွယ်တွေနဲ့လူလတ်ပိုင်းအရွယ်တွေဖြစ်ပြီးကျောက်တံခါးမြို့မရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့လည်းပြောပါတယ်။

ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းမပေါ် ကကွန်ကရစ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက်ဖေဖော်ဝါရီလ ၂၀ရက်မှဒီကနေ့ အထိ စစ်တပ်နဲ့ရဲအဖွဲ့အင်အား ၃၀ ဝန်းကျင်အပါအဝင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကနေ့ရောညပါဧည့်စာရင်းစစ်ဆေးတာရှိနေတယ်လို့ကျွန်းကုန်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့လည် ၁ နာရီခွဲအချိန်ခန့်ကကျောက်တံခါးမြို့နယ်ရှိ  ကျွန်းကုန်ရွာနှင့် ခင်ကြီးကျေးရွာကြား ဆက်သွယ်ထားတဲ့ရန်ကုန်မန္တလေးကားလမ်းမဟောင်းပေါ်ရှိ ကွန်ကရစ်တံတားဗုံးခွဲဖျက်ဆီးခံခဲ့ရလို့တံတားညာဘက်တခြမ်းပြိုကျပျက်ဆီးသွား ခဲ့ပါတယ်။

 တံတားပြိုကျပျက်စီးသွားခဲ့တဲ့အတွက် ကျောက်တံခါးနဲ့ ပဲနွယ်ကုန်းမြို့နယ်ကြားကရန်ကုန်-မန္တလေးကားလမ်းမဟောင်းနေရာမှာဒီကနေ့အထိယာဥ်အသွားအလာတွေပြုလုပ်ဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

 ကျွန်းကုန်ရွာနှင့် ခင်ကြီးကျေးရွာကြား ဆက်သွယ်ထားတဲ့ရန်ကုန်-မန္တလေးကားလမ်းမဟောင်းပေါ် ကွန်ကရစ်တံတားဗုံးခွဲဖျက်ဆီးခံခဲ့ရတာနဲ့ပက်သက်လို့ မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့လဲဆိုတာလက်ရှိအချိန်အထိထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒါ့အပြင်ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်းကလည်းညောင်လေးပင်မြို့နယ်၊ရန်ကုန်-မန္တလေးကားလမ်းမအဟောင်းပေါ် တောင်ဘို့ ၃ လုံးတံတား မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ​စစ်ကောင်စီတပ်အင်အား ၆၀ ဝန်းကျင်ဖြင့် ထိန်တပင်နဲ့ထော်နွတ်ကျေးရွာကြားကရွာတွေကိုစစ်ကြောင်းထိုးတာတွေရှိခဲ့ပါတယ်။