ကျိုက်ထိုရဲစခန်းအနီးပစ်ခတ်မှုအပြီး မြို့အတွင်းအပြင်ကိုစစ်တပ်လုံခြုံရေးတင်းကျပ်နေ

ဖေဖော်ဝါရီ ၊ ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ မနေ့ဖေဖော်ဝါရီ ၂၁ ရက်ညနေပိုင်းက မြို့မရဲစခန်းအနီးမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့တွင်းမှာစစ်ဆေးတင်းကျပ်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

မနေ့ညပိုင်းက မြို့မရဲစခန်းနဲ့ ပြတိုက်အနီးမှာပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီး ဗုံးတွေ့ရှိမှုကြောင့်ပစ်ခတ်တာဖြစ်တယ်လို့လည်း အနီးအနားကဒေသခံတွေကပြောပါတယ်။

” မနေ့ညနေပိုင်းက ရဲစခန်းကနေသေနတ်ပစ်တဲ့အသံကြားရတယ်။အချက် ၄၀ကျော်လောက်ပစ်တာ။ ဗုံးတွေ့လို့ ပစ်တယ်ပြောတယ်။ ပြတိုက်ဘက်မှာလည်း ပစ်သံတွေထပ်ကြားရတယ်” လို့ မြို့ခံတဦးက DNA ကိုပြောပါတယ်။

ပစ်ခတ်မှုပြီးတဲ့ညကစလို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် အထိ စစ်ကောင်စီ ကျိုက်ထိုမြို့တွင်းမြို့ပြင်စစ်ဆေးတင်းကျပ်မှုတွေဆက်တိုက်လုပ်နေတယ်လို့လည်း ဆက်ပြောပါတယ်။

” ထွေအုပ်ရုံးရှေ့မှာဆိုရင်ဘန်ကာတွေလုပ်ထားတယ်။မြို့ရှောင်လမ်းဆုံနဲ့မြို့အထွက်ဆိုရင်လမ်း နှစ်ဖက်ပိတ်ပြီးစစ်နေတာတွေ့ခဲ့ရတယ်” လို့မြို့ခံကဆိုပါတယ်။

 ဒါ့အပြင်ကျိုက်ထိုမြို့အဝင်အထွက်နေရာတွေကိုစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကလမ်းအသွားအလာတွေကိုနေ့စဥ်စစ်ဆေးကာငွေတောင်းယူတာတွေရှိနေတယ်လို့လည်း မြို့ခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

ကျိုက်ထိုမြို့အတွင်းမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြကာကွယ်ရေးတပ်တွေက စစ်ကောင်စီလက်အောက်ခံရုံးတွေကိုပစ်ခတ်မှုတွေရှိခဲ့သလို စစ်ကောင်စီလက်အောက်ခံတွေကို ပစ်ခတ်မှုတွေဟာ ၁၅ဦးထက်မနည်းရှိခဲ့တယ်လို့လည်းမြို့ခံတွေကပြောပြပါတယ်။