ဖေဖော်ဝါရီ၊ ၂၂
ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းက CNA တပ်စခန်းတခုနဲ့ ထန်တလန်မြို့တွင်းက CB ဘဏ်နေရာဝန်းကျင်ကို စစ်ကောင်စီက ဒီကနေ့ ဆဖဖော်ဝါရီ (၂၂)ရက်နေ့လယ်ပိုင်းမှာ တိုက်လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ Chinland Scout Network ( CSN) ကဖော်ပြထားပါတယ်။
စစ်ကောင်စီ တိုက်လေယာဥ်တွေဟာ ဒီကနေ့ နေ့ လယ် ၁၂နာရီခွဲဝန်းကျင်မှာ ထန်တလန်မြို့နယ်အတွင်းက CNA တပ်စခန်းတခုဖြစ်တဲ့ Buarpi Camp နဲ့ နေ့လယ် တနာခွဲကျော်မှာ ထန်တလန်မြို့တွင်း CB ဘဏ်အနီးတဝိုက်ကို ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ ထန်တလန်မြို့နယ်တွင်းက CNA စခန်း Buarpi Camp ကို ဒုတိယအကြိမ်အဖြစ် ဒီကနေ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်ကလည်း အဲ့ဒီစခန်းကို စစ်ကောင်စီကဗုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်စဥ်က လူထိခိုက်မှုမရှိပဲ စခန်းအတွင်း အဆောက်အအုံတချို့သာ ပျက်ဆီးခဲ့တယ်လို့သိရပြီး ဒီကနေ့တိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးပါဘူး။
ထန်တလန်မြို့ထဲက CB ဘဏ်ဝန်းကျင်ကိုတော့ ဗုံးငါးလုံးကျဲချတာဖြစ်တယ်လို့ CSN ကဖော်ပြပါတယ်။
ထန်တလန်မြို့တွင်းမှာ ပြည်သူတွေနေထိုင်မှုမရှိတော့တာ လချီကြာမြင့်နေပြီဖြစ်ပြီး ခုဗုံးကျဲချမူကြောင့် ထိခိုက်မှုအခြေအနေကိုမသိရသေးပါဘူး။
စစ်တပ်ကအကြိမ်ကြိမ် မီးရှို့ဖျက်ဆီးထားလို့ တမြို့လုံးနီးပါးကအဆောက်အအုံတွေ ပျက်စီးနေတဲ့ထန်တလန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့နီးစပ်နေပြီလို့ ဒေသကာကွယ်ရေးတပ်တွေကပြောထားပါတယ်။
ချင်းဒေသတွင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ထန်တလန့်မြို့တွင်းနဲ့ဒေသတဝိုက်မှာထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့သလို စစ်ကောင်စီကလည်း လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်နေတာပါ။
ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထားတာ လချီကြာမြင့်နေပြီဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း ချင်းပြည်တောင်ပိုင်းနဲ့ဆက်စပ်နေတဲ့ ထီးလင်း၊ကျောက်ထုဘက်တွေကိုပါ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတယ်လို့သိရပါတယ်။
Photo – Social Media
ပုံစာ – ထန်တလန်မြို့တွင်းတနေရာမြင်ကွင်း (ပုံဟောင်း)