ပခုက္ကူမှာ လေးရက်ကြာပျောက်ဆုံးနေတဲ့ကလေး ရုပ်အလောင်းပြန်တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့က စက်သုံးဆီဆိုင်တဆိုင်မှာ ဆီလာပို့ရင်းကပျောက်နေတဲ့ ဆီတင်ကားယာဥ်မောင်းရဲ့ ခြောက်နှစ်အရွယ်သားဖြစ်သူကို ရေကန်ဟောင်းထဲက အလောင်းပေါ်လာမှ ပြန်တွေ့ရတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ပခုက္ကူမြို့က NEW Day စက်သုံးဆီဆိုင်မှာ ဆီလာပို့တဲ့ ဆီဘောင်ဆာယာဉ်မောင်းဟာ ဖေဖော်ဝါရီ (၁၈)မှာ ဆီပို့ပြီးနောက် သားဖြစ်သူနဲ့အတူ အဲ့ဒီဆိုင်မှာပဲ ကားပေါ်မှာညအိပ်ခဲ့ရာက သားဖြစ်သူပျောက်ဆုံးသွားတာလို့ သိရပါတယ်။

“သားအဖနှစ်ယောက် အဲ့ဒီဆိုင်မှာ ညအိပ်ကြတာ၊ ဖအေနိုးလာတော့ သားကိုမတွေ့တော့လို့ လိုက်ရှာနေကြတာ ဆိုင်က CCTV က မီးပျက်နေတော့ ပြန်ကြည့်လို့ မရဘူး၊ ဒီနေ့မနက်မှ ရေပေါ်‌  ပေါ်နေလို့ပြန်တွေ့ခဲ့တာ”လို့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့  တာဝန်ရှိသူတဦးက ပြောပါတယ်။

လေးရက်ကြာပျောက်ဆုံးပြီနောက် ရေကန်ထဲကနေ ရုပ်အလောင်းပြန်တွေ့ခဲ့တဲ့ ကလေးဟာ ဆီတင်ယာဥ်မောင်းရဲ့ ခြောက်နှစ်အရွယ်သားဖြစ်သူ မောင်ချမ်းမင်းသာဖြစ်ပြီး ပခုက္ကူမြို့က အဒေါ် ဖြစ်သူဆီ ဖခင်နဲ့အတူ အလည်အပတ်လိုက်လာခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်မိသားစုဟာ ပဲခူးမြို့ဒေသခံတွေဖြစ်ပြီး ကလေးငယ်ဆီမှာ တန်ဖိုးကြီးလက်ဝတ်ရတနာ ဝတ်ဆင်ပေးထားတာမျိုးလည်း မရှိတဲ့အတွက် ရေကန်ထဲ မတော်တဆပြုတ်ကျပြီး ရေနစ်သေဆုံးတာ ဖြစ်နိုင်တယ်လို့ ကနဦးယူဆထားကြပါတယ်။

Photo – Social Media