ဖေဖေါ်ဝါရီ ၊ ၂၂
စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ကို ဖေဖော်ဝါရီ ၂၂ရက်၊ ဒီကနေ့မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေလို့ ကျေးရွာ (၂၀)ခန့်က လူပေါင်းခြောက်ထောင်ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့ အနောက်ဘက်၊ ပုလဲမြို့နယ်ဖက်ကနေ စစ်ကြောင်းထိုးလာသလို မြို့အရှ့ဖက်ခြမ်း ဘန်ဘွေးကျေးရွာဖက်က ထွက်လာတဲ့ စစ်ကြောင်းကလည်း အင်းဘက်ရွာ အနောက်ဖက်က တောတိုက်တွေကို မီးရှို့နေပြီး ဘယ်နှစ်အိမ်မီးရှို့ခံရတယ်ဆိုတာ မသိရသေးပါဘူး။
“စစ်ကြောင်းက အရှေ့နဲ့အနောက်စစ်ကြောင်း (၂) ကြောင်းညှပ်ထိုးတာ။ လမ်းဘေးဝဲယာက ရွာ (၂၀)လောက် စစ်ရှောင်နေရတယ် ။ မနေ့ညကနေစပြီး စစ်ရှောင်ရတယ် “ လို့ ယင်းမာပင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်တူးအောင်က ပြောပါတယ်။
လက်ရှိအခြေနေမှာ စစ်ရှောင်ပြည်သူတွေကို နီးစပ်ရာကျေးရွာတွေက ပြည်သူတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေက စားသောက်ရေးတွေကို ကူညီပေးထားတယ်လို့လည်း သိရပါတယ်။
“စစ်ရှောင်တွေအနေနဲ့က ခနလောက်ပဲရှောင်ရတာဆိုရင်တော့ အခက်အခဲက ထွေထွေထူးထူးဖြစ်မှာမဟုတ်ဘူး။ ကြာလာရင်တော့ ရာသီဥတုအအေးဒဏ်က ပြဿနာရှိနိုင်တယ်”လို့ ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်တူးအောင်က DNA ကို ပြောပါတယ်။
ယင်းမာပင်မြို့အရှေ့ဘက်က အထက်ငါးနန်း၊ အောက်ငါးနန်း၊ မောက်လုတ်၊ ပဲစိမ်းမ၊ ပေါက်သဖ၊ ပိတောက်ကုန်း၊ တုံရွာ၊ ခြင်ပစ်၊မုံသွင်နဲ့ အနီးဝန်းကျင်က ရွာတွေက စစ်ရှောင်နေကြရပြီး ယင်းမာပင်မြို့အနောက်ဘက်ခြမ်းမှာတော့ အင်းဘတ်၊ ကျောက်ကုန်း၊ ကျောက်မှော်၊ ဘန်ဘွေးနဲ့ အနီးတဝိုက်က ရွာတွေစစ်ရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကပုလဲ၊ ယင်းမာပင်နဲ့၊ ဆားလင်းကြီးမြို့တွေကို စစ်အုပ်ချုပ်ရေးကြေငြာထားပြီး အဆိုပါဒေသတွေမှာ နေ့စဉ်မပြတ်စစ်ကြောင်းထိုး ရွာစဉ်လှည့်လည်မီးရှို့နေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတာကနေ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်အထိ တနိုင်ငံလုံးမှာ မီးရှို့ခံရတဲ့ဘာသာရေးအဆောက်အအုံ အပါအဝင် အိမ်ပေါင်း ၅၇,၈၀၇ အိမ်ရှိ ပြီးစစ်ကိုင်းတိုင်းက ၄၃,၂၁၆ အိမ်ထက်မနည်း ပါဝင်တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ရှောင် ၁ဒဿမ ၆သန်းဝန်းကျင်မှာလည်းစစ်ကိုင်းတိုင်းက ရှစ်သိန်းနီးပါး ပါဝင်ပါတယ်။
Photo – CJ
ပုံစာ – စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က စစ်ဘေးရှောင်နေကြတဲ့ ဒေသခံများ