ပြည်သူကိုမူးပြီးခေါ်ရစ်တဲ့စမ်းချောင်းအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ

စမ်းချောင်းမြိုနယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း၊  ကြည့်မြင်တိုင်ဘူတာ ဝန်ထမ်းလိုင်းခန်းထဲရှိ  အများသုံးအိမ်သာအနီးမှာ ဖေဖော်ဝါရီလ ၂၀ ရက်ည  ၁၁ နာရီကျော်အချိန်မှာပဲ လမ်းလျောက်လာတဲ့လူငယ်တဦးကိုခေါ်ပြီး အော်ဟစ်ပြောဆိုခဲ့တဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ့ပစ်ခတ်ခံရသူဟာ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဦးဆိုသူဖြစ်ပြီးအခုချိန်အထိ မေးစေ့ကနေပါးဖောက်ဝင်ဒါဏ်ရာနဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

“ကောင်လေးက ယူဂျီဖြစ်ပုံရတယ်။ လမ်းလျောက်ပြီးပြန်လာတာကိုခေါ်ပြီးရစ်တာ။ ဟိုကပြန်သွားပြီး သေနတ်ယူပြီး  ရုံးအထိဝင်ပစ်တာ။ ပစ်တာကခေါင်းကိုပစ်တာ ။ ပါးစပ်ဟလိုက်တော့ မေးစေ့ကနေပါးကို ဖောက်သွားတယ် ။ ဖြစ်တဲ့နေ့ထဲက လူနာတင်ကားနဲ့ လာခေါ်သွားတာ ခုထိမင်္ဂလာဒုံစစ်ဆေးရုံမှာပဲ”လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စမ်းချောင်းမြို့နယ်တွင်းရှိ ဗိုလ်မိုးလမ်းအပါအဝင် လမ်းတော်တော်များများကို စစ်ကောင်စီတပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဧည့်စာရင်းဝင်ရောက် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ခုတော်တော်စစ်နေတယ်။ပစ်ခတ်မှုဖြစ်ပြီးထဲကပဲ။အဲ့ကလေးက လွတ်သွားတယ်။ ဘယ်ရောက်လို့ရောက်မှန်းမသိဘူး ။ အဲ့ဒါကို စမ်းချောင်းထဲ ယူဂျီတွေရောက်နေတယ်ဆိုပြီး အတင်းစစ်နေတယ်” လို့စမ်းချောင်းဒေသခံတဦးက ပြောပါတယ်။

လက်ရှိ စမ်းချောင်းမှာ စစ်တပ်က လမ်းသွားလမ်းလာ လူငယ်တွေကိုပစ်မှတ်ထား ဖမ်းစီတာတွေ မကြာခဏလုပ်နေပြီး စစ်တပ်နဲ့ရဲပေါင်းကာ အပြစ်မဲ့အရပ်သားလူငယ်များကို ဖမ်းစီးကာ မိသားစုအား ငွေဖြင့်လာထုတ်ခိုင်းတာမျိုးတွေရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းကလည်း မြေနီကုန်း၊ ဈေးလမ်းမှာ စစ်သားနဲ့ရဲတွေက  နယ် ကနေ ရန်ကုန်ကိုသင်တန်းလာတက်တဲ့ လူငယ်တယောက်ကို ဖုန်း/မှတ်ပုံတင်နဲ့ လွတ်အိတ်တွေကို စစ်ဆေးပြီး ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

Photo – CJ