အိမ်မီးရှို့ခံရတဲ့ စစ်ကိုင်းဒေသခံတွေကို ကျပ်နှစ်သိန်းခွဲတန် တန်ဖိုးနည်းအိမ်တွေဆောက်လုပ်လှူဒါန်းပေးနေ

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေက အကြောင်းမဲ့မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတွေမှာ နှစ် လအတွင်း တန်ဖိုးနည်းနေအိမ် သုံးရာဆောက်လုပ်လှုဒါန်းပေးနိုင်ခဲ့တယ်လို့ တန်ဖိုးနည်းနေအိမ် တထောင် ပရော ဂျက်ကို လုပ်ဆောင်နေတဲ့  S&C မီးဘေး စစ်ဘေးပညာ ရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန် ခံ ကိုစိုးမိုး အောင်က DNA ကိုပြောပါတယ်။

အဲ့ဒီပရောဂျက်အရ ဆောက်လုပ်လှူဒါန်းနေတဲ့ တန်ဖိုးနည်း နေအိမ်တွေဟာ တလုံးကို ကျပ်နှစ်သိန်းခွဲလောက် သာ ကုန်ကျပြီး မိသားစုဝင်အရေအတွက်အပေါ် မူတည်ပြီး နှစ်ခန်းပတ်လည်ကနေ သုံးခန်းပတ်လည် နေအိမ် တွေအထိ ဆောက်လုပ် ပေးနေတယ်လို့ သူကပြောပါတယ်။

” တကယ်မရှိဆင်းရဲသားလေးတွေ ပြည်လည်မထူထောင်နိုင်တဲ့လူတွေကို အဓိကထားဆောက်ပေး တယ်၊ချမ်း သာတဲ့လူတွေကတော့ ကျွန်တော်ဆောက်ပေးတဲ့ အိမ်တွေနေမှာမဟုတ်ဘူးလေ၊ သူတို့ဘာသာပြန်ဆောက်ကြ မှာဆိုတော့ အိမ်ပြန်မဆောက်နိုင်သူတွေပေါ့၊ကျန်မာရေးချို့တဲ့သူတွေ သက်ကြီးရွယ်အို ကလေးနဲ့ ကိုယ်ဝန် ဆောင်ရှိတဲ့အိမ်မျိုးလေးတွေကို လုပ်ပေးတယ် ” လို့ သူကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဆင်းရဲ နွမ်းပါးပြီး လိုအပ်ချက်မြင့်မားတဲ့ မီးဘေးသင့်ပြည်သူတွေနဲ့ နေအိမ်ပြန် ဆောက် ဖို့ အခက်အခဲရှိနေသူတွေကို အဓိကထားရည်ရွယ် ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ ကိုစိုးမိုးအောင်က ရှင်းပြပါတယ်။

အဲဒီစီမံချက်ကို ပြီးခဲ့တဲ့ နှစ်လ လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ် ထဲကကျေးရွာတချို့မှာ နေအိမ်ပေါင်း ၃၀၀ လောက်ကို ပြန်လည်ဆောက်လုပ်လှူဒါန်းပြီး ဖြစ် သလို နောက်ထပ်လည်း နောက်ထပ်အိမ်အလုံးတရာ ဆက်လက်ဆောက်လုပ်နေတယ်လို့သိရပါတယ်။

“တချို့မီးရှို့ခံရတဲ့နေရာတွေကျတော့အိမ်တလုံးလုံးမပါသွားဘဲ ပစ္စည်းလေးတွေကျန်ရင်အဲဒါတွေနဲ့ ပေါင်းပြီး ကျယ်ကျယ်ဆောက်ပေးလိုက်တယ်၊စစ်ကြောင်းတွေဝင်ရင် သယ်ယူပို့ဆောင်ရေးကအခက်အခဲတွေရှိတယ်၊ သစ်ဝါးဆိုရင်လည်း ကိုယ်တိုင် ခုတ်ရတာတွေရှ်တယ်၊အဲဒါ့တွေသယ်ဖို့ ယာဉ်ငှားရတာတွေရှိတော့ အခက်အ ခဲတွေကတော့ရှိတယ် ” လို့ သူကပြောပါတယ်။

နေအိမ်တထောင်စီမံချက်ကို ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့သာ ဆောင်ရွက်ပေးနေရပြီး စစ်ကြောင်းနဲ့ ဝေးတဲ့ကျေးရွာတွေမှာတော့သက်ဆိုင်ရာ ပြည်သူအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတယ်လို့ ကိုစိုးမိုးအောင်ကပြောပါတယ်။

 “မီးရှို့ခံထားရတဲ့အိမ်တွေကို ပြန်ဆောက်ပေးထားတာပေါ့၊အလုံး တထောင်ဆိုပေမယ့်လည်း လိုအပ်ချက်က အဲဒီလောက်မကဘူးလေ၊ဒီစီမံချက်ကို တထောင်လောက်နဲ့စတာပေါ့ အလုံးရေ လိုအပ်ချက်က အများကြီး ရှိတယ် ” လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအထိ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက နေအိမ်ငါးသောင်းခွဲ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းအတွင်းဒေသတွေကနေအိမ် လေးသောင်းကျော်အထိ ပါဝင်တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကဖော်ပြထားပါတယ်။


photo – S&C