ယူကရိန်းကို AMX တိုက်လေယာဉ် အဟောင်းတွေ ထောက်ပံ့မှာ မဟုတ်ကြောင်း အီတလီ အတည်ပြု

ယူကရိန်းကို တိုက်လေယာဉ် အဟောင်းတွေ ထောက်ပံ့ ပေးပို့သွားမယ်ဆိုတဲ့ ထင်ကြေး ကောလာဟလတွေကို အီတလီ အစိုးရက ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ကို သွားရောက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့တဲ့နောက် သတင်းစာ ရှင်းလင်းပွဲမှာ အီတလီ ဝန်ကြီးချုပ် ဂျီယိုဂျီယာ မယ်လိုနီက လက်ရှိ အခြေအနေအရ အီတလီဟာ ယူကရိန်းအတွက် လေယာဉ်တွေ ထောက်ပံ့ပေးဖို့ အစီအစဉ် မရှိသေးကြောင်း အတည်ပြုသွားပါတယ်။

ဒါပေမဲ့ အဲဒီကိစ္စ လုံးဝ ဖြစ်မလာနိုင်ဘူးလို့ မဆိုလိုဘဲ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ စုပေါင်းညှိနှိုင်းပြီးမှ ဆုံးဖြတ်နိုင်မယ်လို့လည်း မယ်လိုနီက ရှင်းလင်း သွားပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန်လုပ် F-16တွေ အပါအဝင် အနောက်မဟာမိတ်တွေဆီက တိုက်လေယာဉ်တွေ ရရှိရေးအတွက် ပိုမို ဖိအားပေး တောင်းဆိုလာနေခဲ့ပါတယ်။ 

မူလက အီတလီ လေတပ်ဟာ သူတို့ရဲ့ AMX ဂျက်တိုက်လေယာဉ် ၁၃၅ စီးထဲက တချို့ကို ယူကရိန်းဆီ ပို့ဆောင်ဖွယ် ရှိနေကြောင်း သတင်းတွေ ပျံ့နှံ့ခဲ့ဖူးပါတယ်။ အီတလီဟာ လောလောဆယ်မှာ F-35 ပဉ္စမမျိုးဆက် ခေတ်မီ ဂျက်တိုက်လေယာဉ်တွေကို AMXတွေ နေရာမှာ အစားထိုးနေပြီ ဖြစ်ပါတယ်။ ၁၉၈၉ မှာ စတင် ထုတ်လုပ်ခဲ့ပြီး မြေပြင် တိုက်ခိုက်ရေးအတွက် အဓိက ရည်ရွယ်ထားတဲ့ AMXတွေဟာ ဘော့စ်နီးယားနဲ့ ကိုဆိုဗို စစ်ပွဲတွေ၊ လစ်ဗျား၊ အာဖဂန်နစ္စတန် စစ်မြေပြင်တွေမှာ ပါဝင် အမှုထမ်းခဲ့ဖူးပါတယ်။

ကိယက်ဗ်ကို မသွားခင်မှာ မယ်လိုနီက သူ့အနေနဲ့ ယူကရိန်းကို ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ဇီလန်စကီးဆီ သေချာ စုံစမ်း မေးမြန်းသွားမယ်လို့ ပြောခဲ့ပေမယ့် နာရီပိုင်း အကြာမှာတော့ တိုက်လေယာဉ်တွေ လွှဲပေးရေး ကိစ္စက မဖြစ်နိုင်ပါဘူးလို့ ပြန်ငြင်းဆိုခဲ့တာပါ။

အီတလီရဲ့ စစ်လက်နက် ပညာရှင် နှစ်ဦးကတော့ ဒီဆုံးဖြတ်ချက်ဟာ လက်တွေ့ကျတယ်လို့ ထောက်ခံကြပါတယ်။ AMXတွေကို အဆင့်မြှင့်တင်ပြီး ယူကရိန်းဆီ ပို့ဆောင်တယ် ဆိုတာမျိုးက အထိုက်အလျောက် သင့်တော်တဲ့ အခြေအနေလို့ ပြောနိုင်ပေမယ့် F-35တွေ အပြည့်အဝ အစားမထိုးနိုင်ခင်အထိ ဒီလေယာဉ်တွေကို အီတလီက လိုအပ်နေဆဲလို့ ရောမ အခြေစိုက် IAI သုတေသန ဌာနရဲ့ ပညာရှင် ဗင်ဆန်ဇို ကမ်ပိုရီနီက ပြောပါတယ်။ AMXတွေကို အဆင့်မမြှင့်ဘဲ ပို့ဆောင်မယ် ဆိုရင်လည်း ဒီနေ့ခေတ် စစ်လက်နက်တွေ လိုက်လျောညီထွေ တပ်ဆင်နိုင်အောင် လိုက်လံပြင်ဆင်ရမယ့် စရိတ်က အရမ်းများလိမ့်မယ်လို့ သူက ဆိုတယ်။

အီတလီ လေတပ် အကြီးအကဲဟောင်းနဲ့ ICSA သုတေသန ဌာနရဲ့ အကြီးအကဲ လီယိုနာဒို ထရီကာရီရိုကလည်း ယူကရိန်း စစ်ပွဲရဲ့ တောင်းဆိုမှုနဲ့ ယှဉ်ရင် AMXတွေရဲ့ မြေပြင်တိုက်ခိုက်နိုင်စွမ်းက အကန့်အသတ် ကြီးမားနေပြီး ဇီလန်စကီးကလည်း F-16တွေကို ပိုပြီး လိုချင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ နောက်ပြီး F-16တွေ သုံးနေတဲ့ လေတပ်တွေကလည်း အများကြီး ရှိတာကြောင့် ယူကရိန်းဆီ ခွဲဝေထောက်ပံ့ဖို့ ပိုပြီး ဝန်ကျဉ်းတယ်လို့ သူက ပြောသွားပါတယ်။

လေယာဉ်တွေ ထောက်ပံ့ရေးကို ငြင်းဆန်ခဲ့ပေမယ့် အီတလီဟာ သီတင်းပတ် အနည်းငယ် အတွင်းမှာ Samp-T အမျိုးအစား လေကြောင်းကာကွယ်ရေး စနစ်တစ်ခုကို ယူကရိန်းဆီ ပို့ဆောင်သွားမယ်လို့တော့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို တာဂျာနီက အတည်ပြု ကြေညာသွားခဲ့ပါတယ်။

 

Ref: Defense News