သွင်းဂိုး ငါးဂိုးကို ပစ်စလက်ခတ် ခွင့်ပြုခဲ့တာဖြစ်တယ်လို့ လီဗာပူးလ် မန်နေဂျာ ပေါက်ကွဲ

ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သူ့အသင်းဟာ ပေးဂိုး ၅ ဂိုးကို ပစ်စလက်ခတ် ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ လီဗာပူးလ် မန်နေဂျာ ယာဂင်ကလော့ပ်က ပေါက်ကွဲခဲ့ပါတယ်။

အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် လီဗာပူးလ်ရဲ့ အန်းဖီးလ်ကွင်းကို ခံတပ်ကြီး တစ်ခုအဖြစ် တင်စားခံရပေမယ့် အခုပွဲစဉ်မှာတော့ ရီးရဲလ်က ၅ ဂိုးသွင်းပြပြီး ၅-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူသွားခဲ့တာပါ။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်အတွက် ဒုတိယ အကျော့ကို စပိန်မြေမှာ ကစားဖို့ ရှိနေသေးပေမယ့် ရလဒ်ပိုင်းအရ လီဗာပူးလ် ပြန်ခေါင်းထောင်လာဖို့ မလွယ်တော့ပါဘူး။

ဒီပွဲမှာ လီဗာပူးလ်ဟာ ဒါဝင်နူးညက်ဇ်၊ မိုဟာမက် ဆာလားတို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင်ပြီးမှ ၅ ဂိုး ပြန်ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။ ဂျာမန်သား မန်နေဂျာ ကလော့ပ်က သူ့အသင်းဟာ ၅ ဂိုးစလုံးကို အလွယ်တကူ ပစ်စလက်ခတ် ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရီးရဲလ် မန်နေဂျာ ကာလို အန်ဆလော့တီကတော့ ပွဲပြီးသွားပြီလို့ ယူဆနေမှာ ဖြစ်သလို သူလည်း အခုလောလောဆယ်တော့ အဲဒီလိုပဲ ခံစားရကြောင်း၊ ဒါပေမဲ့ ရီးရဲလ်ရဲ့ အိမ်ကွင်း ဘာနာဘောင်းမှာ လီဗာပူးလ် အနေနဲ့ အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပြီး ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ကလော့ပ်က ဆိုပါတယ်။

သူက လီဗာပူးလ်ဟာ ပထမပိုင်းမှာ ဘောလုံးရာသီ တလျှောက်လုံး အကောင်းဆုံး စွမ်းဆောင်ရည်မျိုးနဲ့ ကစားနိုင်ခဲ့ပေမယ့် ရီးရဲလ် တိုက်စစ်မှူး ဗင်နီရှပ်စ် ဂျူနီယာရဲ့ ချေပဂိုး နှစ်ဂိုးအတွက် ဆင်ခြေပေးစရာ ရှာမတွေ့ခဲ့ဘူးလို့လည်း ဝန်ခံပါတယ်။ သရေရလဒ် ပြန်ဖြစ်သွားတဲ့ နောက်ပိုင်းမှာတော့ ရီးရဲလ်က လီဗာပူးလ်ကို အထက်စီးက ကစားပြီး နောက်ထပ် ၃ ဂိုးပါ သွင်းသွားခဲ့ပါတယ်။

၅ ဂိုးစလုံးက ပစ်စလက်ခတ် ခွင့်ပြုမိလိုက်တာတွေ ဖြစ်ကြောင်း၊ ပထမပိုင်းမှာ ချေပဂိုးတွေ ပေးခဲ့ရတာကလွဲရင် အပေါင်းလက္ခဏာဆန်တဲ့ အခြေအနေတွေ အများကြီး မြင်ခဲ့ရပြီး အခုရာသီ အကောင်းဆုံး ခြေစွမ်းလို့တောင် ညွှန်းနိုင်ကြောင်း၊ ဒုတိယပိုင်းကတော့ အပေါစား ဟာသတစ်ခုလို စိတ်ပျက်စရာတွေ ဖြစ်ခဲ့ကြောင်း၊ အထူးသဖြင့် ရီးရဲလ်ရဲ့ နောက်ဆုံးဂိုးကို တားဆီးဖို့ လုံလောက်တဲ့ ကစားသမားတွေ ရှိနေလျက်နဲ့ ခွင့်ပြုခဲ့ရတာမျိုးက လက်ခံဖို့ ခက်လွန်းကြောင်း ကလော့ပ်က စိတ်ပျက်လက်ပျက် ညည်းညူခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ ပထမပိုင်းတုန်းက ရထားတဲ့ အရှိန်ကို ဒုတိယပိုင်းမှာတော့ ဆုံးရှုံးသွားခဲ့ပြီး ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ကြောင်း၊ ဒုတိယပိုင်း အနေအထားဟာ ရီးရဲလ် ဖြစ်စေချင်တဲ့အတိုင်း တသွေမတိမ်း ဖြစ်သွားခဲ့ကြောင်းလည်း သူက ပြောသွားပါတယ်။

လီဗာပူးလ်ဟာ ရီးရဲလ်နဲ့ တွေ့ဆုံတဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲရှုံးပြီး ၁ ပွဲသာ သရေကျထားခဲ့တာပါ။ အခုပွဲစဉ်အတွက် ဒုတိယ အကျော့ကိုတော့ ရီးရဲလ်ရဲ့ အိမ်ကွင်း ဘာနာဘောင်းမှာ မတ် ၁၅ ရက်ကျရင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Ref: ESPN