ရန်ကုန်က စစ်ကောင်စီထောက်ခံသူအများအပြား လိုင်စင်နဲ့သေနတ်ကိုင်ဖို့ပြင်ဆင်နေ

စစ်ကောင်စီက အရပ်သားလက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်ပြီးနောက် ရန်ကုန်က စစ်ကောင်စီ ထောက်ခံသူ တွေနဲ့ စစ်အုပ်စုနဲ့နီးစပ်သူအများအပြား လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားဖို့ပြင်ဆင်နေကြတယ်လို့ အဲ့ဒီ ပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတွေက   DNAကိုပြောပါတယ်။

လက်ရှိ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားဖို့ပြင်ဆင်နေသူတွေထဲမှာ စစ်မှုထမ်းဟောင်း တွေ၊ဌာန ဆိုင်ရာ အရာထမ်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အများအပြားပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲ့ဒီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“လက်ရှိကျွန်တော်သိရသလောက်တော့ ဒီမြို့နယ်အလိုက် စစ်မှုထမ်းဟောင်းအဖွဲ့တွေရှိတယ်၊သူတို့ကကျတော့ တိုင်းစစ်ဌာနချုပ်မှာ လျှောက်ဖို့ပြင်ဆင်ပြီးပြီ၊သူတို့(စစ်ကောင်စီ)ထုတ်မယ့်နည်းဥပဒေပြီးတာနဲ့ ဖောင်ဖြည့်ကြ တော့မှာ၊အခုလည်း အဝင်အထွက်တွေလုပ်နေကြတယ်”လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါ တယ်။

လက်ရှိမှာ လျှောက်ထားသူဦးရေကိုအတိအကျ မသိနိုင်သေးပေမယ့် ရန်ကုန်မှာတော့ လျှောက်ထားသူဦး ရေ သောင်းဂဏန်းလောက်ရှိနိုင်တယ်လို့လည်း သူကခန့်မှန်းပြောဆိုပါတယ်။မြန်မာနောင်းသတင်းဌာနရဲ့ ဖေဖော်ဝါ ရီ(၁၆)ရက်က သတင်းတရပ်မှာတော့ အဲ့ဒီမူထွက်ပေါ်လာပြီးနောက်ရက်ပိုင်းအတွင်း နေပြည်တော်ပြည်ထဲ ရေး ဝန်ကြီးဌာနမှာ လက်နက်လိုင်စင်လျှောက်လွှာရာချီရောက်လာတယ်လို့ဆိုပါတယ်။

စစ်ကောင်စီကအရပ်သားတွေကိုလက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့မူကို ဇန်နဝါရီ(၃၁)ရက်စွဲနဲ့အတည်ပြု ထုတ်ပြန်ခဲ့ ပေမယ့် အခုလ(၁၀)ရက်မှာ လူမှုကွန်ရက်ကတဆင့် စတင်ပျံ့နှံ့ပြီး လူသိများခဲ့တာပါ။အဲ့ ဒီနောက်ရက်ပိုင်း အ တွင်းမှာပဲ စစ်တပ်ထောက်ခံသူတွေနဲ့နီးစပ်သူတွေ၊အဖွဲ့အစည်းတွေဟာ သေနတ်လိုင်စင်နဲ့ပါမစ်တွေလျှောက် ထားဖို့ စတင်ပြင်ဆင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“အခု အုပ်ချုပ်ရေးမှူးတွေကိုင်ထားတဲ့ဟာတွေက လက်လုပ်တွေ၊အဲ့ဒါကလည်း နီးစပ်တဲ့ သူအကန့်နဲ့သူ လက် ကြိတ်ထိုး ကိုင်ထားတာ၊ပြောရရင် နားလည်မှုနဲ့ပေါ့၊တရားဝင်ကိုင်တာတော့ မဟုတ်ဘူး၊လိုင်စင်ကလျှောက်လို့ မရသေးပါဘူး”လို့ လိုင်စင်လျှောက်ဖို့ပြင်ဆင်နေတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ လက်နက်နဲ့ခဲယမ်းကိုင်ဆောင်ခွင့်မူအရ လက်ဝယ်ရှိနေတဲ့ သေနတ်တွေကို လိုင်စင်နဲ့ကိုင်ဆောင်ခွင့်ပေးမယ့်ကိစ္စအပြင် စစ်မှုထမ်းဟောင်းတွေ၊ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်သားတွေပါ ကိုင်ဆောင်ခွင့်လျှောက်လို့ရမှာဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းတွေကတော့ စစ်ဘက်လိုင်စင်နဲ့ ကိုင်ထားတဲ့ ကိုယ်ပိုင်သေနတ်တွေကို အရပ်ဘက်လိုင်စင်နဲ့ ဆက်လက် ကိုင်ဆောင်ခွင့်ပြုဖို့ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူမှာဖော်ပြထားချက်တွေအရ လက်နက်ကိုင်ဆောင်ခွင့်ပြုရာမှာ ပါမစ်နဲ့ လိုင်စင်ဆိုပြီးခွဲခြားထား ပါတယ်။

လက်နက်ကိုင်ဆောင်ခွင့်ပါမစ်က ဝန်ထမ်းအဖွဲ့အစည်းတွေအတွက်ဖြစ်ပြီး လိုင်စင်ကတော့အရပ်ဘက်အတွက် ကိုင်ဆောင်အသုံးပြုခွင့်ပေးတဲ့သဘောဖြစ်ပါတယ်။ပါမစ်နဲ့ကိုင်ဆောင်ခွင့်ပြုတဲ့လက်နက်တွေကို နိုင်ငံပိုင်အဖြစ် မှတ်ပုံတင်ထားရမှာပါ။

ပါမစ်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ရတဲ့ ဝန်ထမ်းတွေကို လိုင်စင်နဲ့လည်းထပ်လျှောက်ခွင့် ပေးထား ပါ သေး တယ်။ဒါပေမယ့် လက်နက်ကိုင်ဆောင်ခွင့်ရဖို့အတွက် အရည်အချင်းသတ်မှတ်ချက်တွေထဲ သေနတ်ကိုင် ဆောင်ရန်အမှန်တကယ်လိုအပ်သူဖြစ်ရမယ်လို့ စစ်ကောာင်စီက ထည့်သွင်းသတ်မှတ်ထားပါတယ်။

အခုလို နိုင်ငံအတွင်း မတည်ငြိမ်မှုတွေရှိနေတဲ့အချိန်မှာ စစ်ကောင်စီကလက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်လိုက် တာကြောင့် အရပ်သားတွေကြား လက်နက်ကိုင်ပဋိပက္ခတွေပိုမိုဆိုးရွားလာနိုင်တယ်လို့ လေ့လာသူတွေကဝေဖန် ထောက်ပြထားပါတယ်။


Photo – Social Media

ပုံစာ – လက်နက်ကိုင်ဆောင်ခွင်မူ မထုတ်ပြန်ခင်ကတည်းက စစ်ကောင်စီက ပျူစောထီးလို့ လူသိများတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို လက်နက်တွေထုတ်ပေးခဲ့ပါတယ်