ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်က အိမ်ခြေနှစ်ရာကျော်မီးရှို့ပြီး လူငယ်နှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်​တောင်ခြမ်းကမြေမွန်ရွာကအိမ်ခြေ ၂၁၈လုံးကိုမီးရှို့ပြီးကိုင်းရိုးရွာကဒေသခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေကဖေဖော်ဝါရီလ ၁၉ရက်ကသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

“ကျတော်တို့ကန့်ဘလူတောာင်ပိုင်းမှာတော့ကိုင်းရိုးရွာကလူငယ်နှစ်ယောက်ကိုဖမ်းပြီးပစ်သတ်ပြီးထော်လာဂျီပေါ်တင်သွားတယ်။ခမရ၃၆၈ကသတ်တာနောက်ထပ်ဖမ်းထားတဲ့နှစ်ယောက်ကိုတော့ကျတော်တို့ရွာမှာပဲချန်သွားတယ်”လို့ကန့်ဘလူတောင်ပိုင်း၊ရှမ်းတပ်ကျေးရွာဒေသခံတဦးကပြောပါတယ်။

စစ်​ကောင်စီလက်​အောက်ခံတပ်​တွေဖြစ်တဲ့ ခမရ ၃၆၄၊ခမရ ၃၆၇၊ခမရ ၃၆၈၊ခမရ ၃၆၉နဲ့ပျူ​စောထီးတွေပူး​ပေါင်းကာ စစ်​ကြောင်း လေးကြောင်းနဲ့တပါတ်ကျော်ကြာဝင်ရောက်စစ်ကြောင်းထိုးနေပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက် ၊နေ့လည်ပိုင်းက မြေမွန်ရွာကိုမီးဝင်ရှို့ခဲ့တဲ့အတွက် အိမ်ခြေ၄၀၀ကျော်ထဲက ၂၁၈လုံး နီးပါးမီးလောင်ပျက်စီးခဲ့ပါတယ်။

“ခုတော့ရွာကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းရယ်နောက်တကြောင်းရယ်ခင်ဦးဖက်ပြန်တက်သွားပြီ။ဒါပေမယ့်ကျတော်တို့ရွာထဲပြန်မဝင်ရဲသေးလို့တောထဲမှာပဲတဲထိုးပြီးနေနေကြရတယ်ရှိတာလေး၊ပါတာလေးတွေစားရင်းပေါ့”လို့ မြေမွန်ရွာဒေသခံတဦးကDNAကို ပြောပါတယ်။

မြေမွန်ရွာကိုမီးရှို့ခဲ့တဲ့ စစ်​ကြောင်းဟာ ကွင်း(၉)စိုက်ပျိုး​ရေးတပ်ဖြစ်ပြီးလက်ရှိတွင် စစ်​ကောင်စီစစ်​ကြောင်းဝင်ရောက်ခဲ့သည့် ​မြေမွန်၊စကျင်၊သီရိမွန်၊သရက်​ချောင်း၊ ထရော်ကိုင်း ​ကျေးရွာများမှ ပြည်သူ ၃၀၀၀ နီးပါး အနက် မြေမွန်ကလွဲရင်အချို့သောရွာကဒေသခံတွေဟာရွာထဲပြန်ဝင်ရောက်နေကြတယ်လို့သိရပါတယ်။

“ကျန်ခဲ့တဲ့စစ်ကြောင်းနှစ်ကြောင်းကဒန်းပင်ပျူရွာမှာတော့အခြေစိုက်နေကြတယ်။မနေ့ကတော့ထရော်ကိုင်းနားမှာပကဖတွေနဲ့ထိတွေ့တိုက်ပွဲနဲနဲတော့ဖြစ်တယ်။ဒါပေမယ့်သူတို့ဆက်တက်သွားပြီးပျူရွာမှာနားနေကြတယ်။ကျတော်တို့ရွာတွေအနေအထားကအတော်ရှောင်ရတိမ်းရခက်တော့သူတို့ထွက်တာနဲ့ပြန်ဝင်ကြရတာပေါ့ “လို့ ကန့်ဘလူတောင်ပိုင်း ရှမ်းတပ်ရွာဒေသခံတဦးကပြောပါတယ်။

စစ်အာဏာသိမ်းတာကနေ ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ ၁၅ရက်အထိတနိုင်ငံလုံးမှာ မီးရှို့ခံရတဲ့ဘာသာရေးအဆောက်အမုံအပါမဝင်အိမ်ပေါငိး၅၇,၈၀၇ အိမ်ရှိပြီးစစ်ကိုင်းတိုင်းက၄၃,၂၁၆ အိမ်ထက်မနည်းပါဝင်တယ်လို့ ISP Myanmar ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ရှောင် ၁ဒဿမ ၆သန်းဝန်းကျင်မှာလည်းစစ်ကိုင်းတိုင်းကရှစ်သိန်းနီးပါးပါဝင်ပါတယ်။ အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံးဆန့်ကျင်နေတဲ့စစ်ကိုင်းတိုင်းကိုစစ်တပ်ကလေကြောင်းကတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ချေမှုန်းဖို့ကြိုးစားနေပြီးမြို့နယ် ၁၁ မြို့နယ်ကိုလည်းစစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။