ကျောက်ထုမှာ ဆက်တိုက် မိုင်းဆွဲခံရပြီး အထိနာတဲ့စစ်တပ်က လက်နက်ကြီးနေ့စဥ်ပစ်ခတ်နေ

မကွေးတိုင်း၊ ယောဒေသကျောက်ထုမြို့နယ်အ တွင်း ဖေဖော်ဝါရီ ၁၆ရက်နဲ့၁၈ ရက်တို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီစစ်ကြောင်းကစစ်သား နှစ်ဆယ်ဝန်းကျင်သေဆုံးပြီးနောက် ကျောက်ထုမြို့ပေါ် စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ တပတ်လောက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

 “၁၆ရက်နေ့ ကားနှစ်စီးဆွဲတာကတော့ တော်တော်ထိတယ်ဗျ၊ကားနှစ်စီးလုံးကိုပျက်စီးသွားတာ​ကိုး၊ အဲ့ရက်ကစ(လက်နက်ကြီး)ထုတာပဲ၊တောင်ပေါ်ဘက်တွေကိုအဓိကထုတာ” လို့ကျောက်ထုဒေသခံတဦးကပြောပါတယ်။

ကျောက်ထုအမြှောက်တပ်ထဲကနေ ထွက်လာတဲ့ ခလရ (၂၇၄) က အင်အား တရာဝန်းကျင်လိုက်ပါလာတဲ့စစ်ကား နှစ်စီးနဲ့ဖောကား တစီး တို့ကိုဖေဖော်ဝါရီ ၁၆ ရက်မနက်ပိုင်းကမိအယ်ကျေးရွာမြောက်ဘက်မှာ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ( ၉ ) က ပဒေသာမိုင်း (၄၅) လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဆယ်ဦးဝန်းကျင်သေဆုံးခဲ့တယ်လို့ ကျောက်ထု PDF ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကြောင်းကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ညနေမှာပဲ မိအယ်ကျေးရွာနဲ့ လယ်ဆောကျေးရွာကြားမှာ ပဒေသာမိုင်းသုံးလုံးနဲ့ ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သားတဦးထပ်မံသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

 ဒါဘအပြင်ဖေဖော်ဝါရီ ၁၈ ရက်မှာလည်း ထီးလင်းပျူစစ်ကြောင်းနဲ့တပ်အရွှေ့အပြောင်းလုပ်ပြီးရွှေအောင်သာကျေးရွာကနေကျောက်ထုဘက်ကို ပြန်ထွက်လာတဲ့ အင်အား (၁၇၀)ပါ စစ်ကား နှစ်စီးနဲ့ ဖောကား တစီးကိုမိအယ်ကျေးရွာတောင်ဘက် ကားလမ်းမပေါ်မှာ ပဒေသာမိုင်း ၁၀ လုံးနဲ့ဖောက်ခွဲတိုက် ခိုက်ခဲ့တဲ့အတွက် စစ်သား ခြောက်ဦးထပ်မံသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ ကျောက်ထု PDF ကထုတ်ပြန်ထားပါတယ်။

” သူတို့ခံရတဲ့နေ့ကတည်းက ကျောက်ထုကနေ လက်နက်ကြီးတွေနဲ့ထုနေတာပဲ၊ နေ့ရော၊ရောထုနေတော့ သတိထားနေရတယ်၊ တောထဲတွေကျတာပဲ၊လူထိခိုက်တာတွေမရှိပါဘူး” လို့ ကျောက်ထုဒေသခံ စစ်ရှောင်တဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက သေဆုံးဒဏ်ရာရသူတွေကို ကားပေါ်တင်နေချိန်မှာ ကာကွယ်ရေးအဖွဲ့ဝင်တွေက လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ အနီး ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ နောက်ထပ်စစ်ကောင် စီစစ်သားရှစ်ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ကျောက်ထုနယ်မှာ စစ်ကောင်စီကလက်နက်ကြီးတွေနဲ့နေ့စဉ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ တရွာကနေတရွာ သွားလာမှုမလုပ်ကြသလို တောထဲအလုပ်လုပ်သွားရာမှာတောင် မလုံခြုံသလိုခံစားနေရတယ်လို့ ဆိုပါတယ်။