ကျောက်မျက်တောင်ပေါ်က စစ်တပ်ယာယီစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး နဲ့ယင်းမာပင်မြို့နယ်ကြား ကျောက်မျက်တောင်ပေါ်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၁၉ရက်ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ကြပါတယ်။

“ညမှောင်ခါနီးမှာ အလစ်အငိုက်ဝင်တိုက်တာ စစ်ကောင်စီတပ်သားတွေ ၂၀ ထက်မနည်းသေဆုံးပြီး ထိခိုက်မှုအများအပြားရှိပြီး ထွက်ပြေးကုန်ကြတာတွေရှိတယ် အရှင်ဖမ်းမိတာတော့မရှိဘူး” လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတာ ရက်အနည်းငယ်ကြာနေပြီဖြစ်ပြီး အနီးနားက ဒေသခံနေအိမ်တွေကိုလည်း မကြာခဏ မီးရှို့​ဖျက်ဆီးလေ့ရှိတယ်လို့ ဆိုပါတယ်။

“မဟာမိတ်တပ်ဖွဲ့တွေ ပေါင်းပြီးလုပ်တာလို့ ကြားတယ် ပစ္စည်းတွေလည်း တော်တော်များရလိုက်တယ် Jammer တွေ ၊ မဖေါက်ရသေးတဲ့ အဖူးတွေ ပါကင်လိုက်ရတာတွေ ရှိတယ် ပစ္စည်းတွေက ခရိုင်ကို အပ်ရတယ် ” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အချိန်တနာရီခွဲခန့်အကြာမှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ပြီးနောက် လက်ရှိမှာ စစ်တပ်က အဲ့ဒီစခန်းနေရာတဝိုက်မှာ အင်အားအလုံးအရင်းနဲ့ နေရာပြန်ယူနေတယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကနီမြို့နယ် အခြေစိုက် ကျောက်လုံးကြီး KLG တပ်မဟာကလည်း အဲ့ဒီတိုက်ပွဲကနေ M-14 နင်းမိုင်းအလုံးလေးဆယ်၊ လက်ပစ်ဗုံးသုံးဆယ်၊ MM-5 ရှေ့ထွက်မိုင်း အလုံးငါးဆယ်နဲ့ ဒရုန်းပစ်သေနတ်တလက် ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကျောက်မျက်ကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ကျေးစာကျကျေးရွာ၊ အုံတုံပင်ကျေးရွာ၊ ပေကုန်းကျေးရွာနဲ့ ထန်းတောကြီးကျေးရွာတို့က ဒေသခံ ၃၀၀၀ကျော် စစ်ရှောင်နေကြရတယ်လို့လည်း သိရပါတယ်။


Photo – KLG