သထုံမှာ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကုန်တင်ကားတစီးထိခိုက်ပြီး ယာဥ်မောင်းသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာမှာ စားသောက်ကုန်ပစ္စည်းတွေ တင်လာတဲ့ ဟိုင်းလတ်ကားတစီး ပစ်ခတ်ခံရလို့ ယာဉ်မောင်းသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
 
ကမာစိုင်ကျေးရွာ (ရွာသစ်ကျေးရွာ)အနီးမှာ ဟိုင်းလတ်ကားတစီး ပစ်ခတ်ခံထားရတာဖြစ်ပြီး ယာဥ်မောင်းဖြစ်သူ မင်းထွန်း(ခ)ဝက်ကလေးဆိုသူလည်း အခင်းဖြစ်နေရာမှာပဲ သေဆုံးနေတာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက် မနက်ပိုင်းမှာ တွေ့ကြရတာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
“ ကားပေါ်မှာ ယာဉ်မောင်းက ကျည်ဒဏ်ရာတွေနဲ့ပါ၊ သေနေတာ၊ အလောင်းပုံစံကတော့ မနေ့ကလား၊ ညကလား မသိဘူး သေနေတဲ့ပုံစံမျိုးပဲ၊ ဘယ်သူပစ်မှန်းမသိဘူး၊ ကားပေါ်မှာလည်း အသီးအနှံကုန်ပစ္စည်းတွေအများကြီး၊ ကားအပြည့်ပဲ တင်ထားတာ၊ အခုတော့ သူ့ကို သထုံဆေးရုံကို ပို့ဆောင်ထားတယ်။ မြို့ခံပဲလို့ သိရတယ်၊ သူက ကုန်စိမ်းတွေ ဘီးလင်းနဲ့ သထုံကို ပို့ဆောင်ပေးနေတဲ့ သာမန်အရပ်သားပါပဲ” လို့ သူက ပြောပါတယ်။
 
အဲ့ဒီဖြစ်စဉ် ဖြစ်ခဲ့တဲ့နေရာနဲ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေကို KNU နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ ခြုံခိုတိုက်ခိုက်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
KUN သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဌ ဦးကျော်မြင့်ကတော့ မနေ့ကညပိုင်းက ကမာစိုင်ရွာထိပ်နားမှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့သလို အပြန်အလှန်ပစ်ခတ်မှုလည်း ရှိခဲ့တယ်လို့ DNA ကိုပြောပါတယ်။
 
“မနေ့ညက ၇ နာရီ ၄၀ မှာ သထုံကနေ ဘီးလင်းဘက်ကို ဦးတည်ပြီး မောင်းနှင်လာတဲ့ စစ်ကားတန်းကို KNLA တပ်ရင်း ၂ နဲ့ ဘီးလင်း (ပကဖ)ကနေပြီးတော့ ကမာစိုင်းရွာထိပ်နားအရောက်မှာ သူတို့က မိုင်းဆွဲတိုက်ခိုက်လိုက်တယ်၊ အဲဒီအထဲမှာ အရပ်ဘက်ကားတစီး ပါလာတဲ့အခါကျတော့ ကြားညှပ်ခံရတယ်၊ အဲဒီမှာ ခဏလောက်တော့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာရှိတယ်၊ သူပစ်ကိုယ်ပစ်ပဲဆိုတော့ ဘယ်သူပစ်လို့ ထိသွားတာလဲတော့ မသိဘူးပေါ့” လို့ သူက ပြောပါတယ်။
 
ဒီလို အရပ်သားသေဆုံးမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီယာဉ်တန်းတွေနဲ့ နီးနီးကပ်ကပ်မသွားလာကြဖို့ ဦးကျော်မြင့်က တိုက်တွန်းပါတယ်။
 
“အရပ်ဘက်ကားတွေအနေနဲ့ စကစ ကားကြားကနေ ညှပ်ပြီး မသွားကြဖို့ပေါ့၊ ဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဘူးပေါ့နော်၊ ပြည်သူတွေလည်း သတိကြီးစွာထားပြီးတော့ နောက်နောင်ဆိုရင်လည်း စစ်ကားတန်းတွေ သွားလာနေတဲ့အချိန်မှာ ကိုယ်ကနေပြီးတော့ ရှောင်ပေးဖို့တော့ လိုတာပေါ့နော်၊ မတော်တဆ ညဘက်လုပ်လို့ရှိရင် အကုန်လုံးကို မတွေ့ရဘူးလေ၊ အဲလိုတော့ ရှိတယ်၊ ဖြစ်နိုင်ရင် သူတို့နဲ့ နီးနီးကပ်ကပ်မသွားသင့်ဘူးလို့ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။
 
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ခုနစ်ဦးလောက် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိတယ်လို့ KNU ဘက်က ပြောပါတယ်။ အဲ့ဒီအခြေအနေတွေကို DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
 
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာက “ဦးရွှေတိုး” လက်ဖက်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
 
သေနတ်ပစ်ခတ်ခံရသူတွေဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်မှုလုပ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ လက်ရှိ သေနတ်ပစ်ခတ်ခံရသူတွေကိုတော့ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားပြီး ဆေးကုသမှု ခံယူနေကြတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းက ကျိုက်ထို၊ သထုံ၊ ရေးမြို့နယ်တို့မှာ ခရီးသည်တင်ကားတွေ ဓါးပြတိုက်ခံရတာ၊ သေနတ်ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် ညကလည်း သထုံမြို့နယ် ကမာစိုင်ကျေးရွာမှာ မြိတ်ဘက်နေ ရန်ကုန်ဘက်ကို ပြေးဆွဲလာတဲ့ သီဟမင်းခရီးသည်တင် မှန်လုံကားကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်လို့ ယာဥ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သီဟမင်း ခရီးသည်တင်ယာဉ်လိုင်းက ပြောဆိုထားပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးပတ်အတွင်း ကျိုက်ထိုမြို့နယ်မှာလည်း ဘုရာဖူးကားတစီးပေါ် လက်နက်ကြီးကျ ပေါက်ကွဲလို့ ဘုရားဖူးခရီးသည်တဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ပါသေးတယ်။

Photo – CJ