နှစ်ရက်ဆက်တိုက် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ဖက်ကို ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ပစ်လွှတ်ခဲ့ပြီး အခုနှစ်ရဲ့ ဒုံးကျည်စမ်းသပ်မှု ရာသီသစ်ကို စတင် ဖွင့်လှစ်ခဲ့တဲ့ မြောက်ကိုရီးယားဟာ နောက်တစ်နေ့မှာလည်း ဒုံးကျည်နှစ်စင်း ထပ်ပစ်ခဲ့ပြန်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မြောက်ကိုရီးယားဟာ နိုင်ငံသမိုင်းမှာ စံချိန်တင် အရေအတွက်ထိ များပြားတဲ့ ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ပြဖူးပါတယ်။

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ မနက် အစောပိုင်းမှာ ပစ်လွှတ်လိုက်တဲ့ မြောက်ကိုရီးယား ပဲ့ထိန်း ဒုံးကျည်တွေဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဖက် ကမ်းလွန်က ဂျပန်ပင်လယ်ထဲ ကျဆင်းသွားတယ်လို့ ကြေညာပါတယ်။ ဒုံးကျည်တွေ ကျသွားတဲ့ နေရာဟာ ဂျပန်ကမ်းလွန်က အထူးစီးပွားရေးဇုန် ရေပိုင်နက် သတ်မှတ်ထားတဲ့ ဧရိယာရဲ့ အပြင်ဖက်မှာ ဖြစ်ပါတယ်။

ဂျပန်စစ်တပ်ဟာ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စိစစ် စုံစမ်းမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။ မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေ ဂျပန်ပင်လယ်ဖက် ပစ်လွှတ်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပြီး အလွန်တရာ ကြီးမားလှတဲ့ ဒုံးကျည်ပစ်စင် တစ်ခုကို စမ်းသပ် လေ့ကျင့်နေတာ ဖြစ်ကြောင်း၊ ဒါဟာ လိုအပ်လာရင် မဟာဗျူဟာ နျူကလီးယား တိုက်ခိုက်မှုတွေ အကောင်အထည် ဖော်နိုင်ဖို့ ပြင်ဆင်ထားတဲ့ သဘောလို့လည်း ယူနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ 

ကိုရီးယား ကျွန်းဆွယ်နားမှာ တောင်ကိုရီးယားနဲ့ အမေရိကန် လေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်နေတာကို တုံ့ပြန်တဲ့ အနေနဲ့ မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်ခဲ့တာလို့လည်း ယူဆနိုင်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုကြီးမှာ အမေရိကန် လေတပ်ရဲ့ နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ B-1B မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေ ပါဝင် ပျံသန်းခဲ့ပြီး နှစ်နိုင်ငံ လေတပ်တွေရဲ့ F-35A၊ F-15Kနဲ့ F-16 တိုက်လေယာဉ်တွေက ခြံရံ ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း Hwasong-15 အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစ်စီးကို ပစ်လွှတ်ခဲ့ပါသေးတယ်။ အဲဒီ ဒုံးကျည်ဟာ အမြင့် ၅၈၀၀ ကီလိုမီတာ နီးပါးထိ ရောက်ရှိခဲ့ပြီးတဲ့နောက် ပစ်လွှတ်တဲ့ နေရာနဲ့ ကီလိုမီတာ ၁၀၀၀ နီးပါးလောက်မှာ ကျဆင်းသွားခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနကတော့ အဲဒီ စမ်းသပ် ပစ်ခတ်မှုဟာ မြောက်ကိုရီးယား အနေနဲ့ ရန်သူတပ်တွေကို အကြီးအကျယ် အထိနာသွားအောင် လက်ဦးမှုယူ တိုက်ခိုက်နိုင်တယ်ဆိုတဲ့ စွမ်းဆောင်ရည်မျိုး ရှိနေကြောင်း လက်တွေ့ ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်တယ်လို့ ရည်ညွှန်းသွားခဲ့ပါတယ်။

 

Ref: CNN