ဂိုးပြတ်နိုင်တာတောင် ပထမပိုင်း ကစားပုံကြောင့် မပျော်ဘူးဆိုတဲ့ တန်ဟက်ဂ်

ဂိုးပြတ်နိုင်ခဲ့ပေမယ့် လက်စတာစီးတီး ပွဲစဉ် ပထမပိုင်း ကစားပုံကို အကြီးအကျယ် စိတ်ပျက်မိတယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ပြောပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဖေဖော်ဝါရီ ၁၉ ရက်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လက်စတာနဲ့ ယှဉ်ပြိုင်ပြီး ၃-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ယူနိုက်တက်ရဲ့ ပွဲအစပိုင်း ကစားပုံက အားရစရာ မရှိခဲ့ဘဲ ဧည့်သည်တွေရဲ့ ဖိအားပေးမှုကို အတော်လေး ခံစားခဲ့ရပါတယ်။ ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ လက်စွမ်းကြောင့်သာ ယူနိုက်တက်တို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အသင်းရဲ့ ခြေစွမ်းက သိသိသာသာ တိုးတက်လာပြီး လက်စတာအပေါ် တစ်ဖက်သတ်နီးပါး လွှမ်းမိုး ကစားခဲ့သလို ဂိုးတွေလည်း သွင်းနိုင်ခဲ့ပါတယ်။ နယ်သာလန်သား တန်ဟက်ဂ်ဟာ နိုင်လို့ ကျေနပ်ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည် အတွက်တော့ မပျော်နိုင်ဘူးလို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်လို့ လိုက်နာဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းနဲ့ အခြေခံမူတွေ ရှိကြောင်း၊ တကယ်လို့ အသင်းက အဲဒီ စံနှုန်းတွေအတိုင်း မလိုက်နာနိုင်ရင် ကစားပုံက ရှုပ်ထွေးကုန်ကြောင်း၊ လက်စတာလိုမျိုး ပြိုင်ဘက်ကောင်းနဲ့ ယှဉ်ပြိုင်ရချိန်မှာ သွင်းဂိုးတွေ ခွင့်မပြုရအောင် ဒဟေးယား တစ်ယောက်တည်းကို အဓိက အားကိုးခဲ့ရသလို ဖြစ်နေတာက လက်ခံချင်စရာ မရှိကြောင်း၊ စောစောစီးစီး ဂိုးမပေးခဲ့ရတာ အတော့်ကို ကံကောင်းကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်ဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကျန်တဲ့ တစ်ချိန်လုံးလိုလိုကတော့ သုံးစားမရလောက်အောင် ကစားသွားခဲ့ကြောင်းလည်း သူက ဝေဖန်သွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ယူနိုက်တက်ကို ကာတာနဲ့ ဗြိတိန်က စီးပွားရေး လုပ်ငန်းရှင်ကြီး နှစ်ဦးက ဝယ်ယူဖို့ အပြိုင် ကမ်းလှမ်းထားပြီး ဒီသတင်းတွေကြောင့်တော့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ဘာရိုက်ခတ်မှုမှ မရှိနိုင်ဘူးလို့ တန်ဟက်ဂ်က ဆိုတယ်။

သူရော၊ အသင်းသားတွေပါ ကလပ်အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားကြောင်း၊ ယူနိုက်တက်ဟာ သူတို့ရဲ့ အသင်းဖြစ်ပေမယ့် အသင်းကို အရောင်းအဝယ်လုပ်ဖို့ ဆိုတာက သူတို့ကိစ္စ မဟုတ်ကြောင်း၊ သူရယ်၊ ဝန်ထမ်းတွေရယ်နဲ့ ကစားသမားတွေဟာ ဘောလုံးရှုထောင့် တစ်ခုတည်းအတွက် စိတ်နှစ်ထားကြမှာဖြစ်ကြောင်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။

 

Ref: ESPN