ပုလဲမင်းတိုင်ပင်ရွာက NUG စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေမီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကမင်းတိုင်ပင်ကျေးရွာမှာရှိတဲ့ ဝါးတိုင်ရုံးမှာဖွင့်လှစ်ထားတဲ့ NUG ရဲ့ကြားကာလစာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စာသင်ကျောင်းပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်းမထီးပျူရွာကနေထွက်လာတဲံ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးနေချိန် မင်းတိုင်ပင်ရွာစာသင်ကျောင်းအပါအဝင် နေအိမ် ၂လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

“နေ့ခင်း ၂နာရီမှာ ဝါတိုင်ရုံးထဲက ထန်းလက်မိုးကပ်အဆောင်ကိုမီးရှို့တာ၊ အဲဒီစာသင်ကျောင်းက ကျောင်းသားပေါင်း ၆၀၀ နဲ့ ဆရာမဆရာမ ၆၀ ဝန်းကျင်လောက်ရှိတယ်။ ခုလိုစစ်ကျောင်းလာတော့

ကျောင်းပိတ်ပြီးစစ်ရှောင်ရတယ်။ အခုတော့ နီးစပ်ရာကအိမ်တွေမှာယာယီစာသင်ဖို့လုပ်ရတော့မှာပေါ့လို့” ဒေါင်းနက်ပြောက်ကျားအဖွဲက ရဲဘော်ပေက DNA ကိုပြောပါတယ်။

ဒါ့အပြင် အခုလထဲမှာပဲ  စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့၊ ကျွန်းဘိုကုန်းရွာ နဲ့ နှောရိုးရွာက ဒေသခံ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတွေကို စစ်အုပ်စုက ဖမ်းဆီးပြီး ပစ္စည်းတွေသယ်ဆောင်ဖို့ ခေါ်ဆောင်သွားပြီး ဒေသခံတွေကို ဒီကနေ့ထိပြန်မလွှတ်ပေးသေးဘူးလို့လည်း သိရပါတယ်။

လက်ရှိမှာ ဒေသခံတွေကတော့  စစ်တပ်က စစ်ကြောင်းဝင်လာရင် တိမ်းရှောင်ရပြီး စစ်တပ်စစ်ကြောင်းပြန်ထွက်သွားတဲ့အခါ နေရပ်ပြန်နေရတဲ့အခြေအနေဖြစ်နေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင်  ဒီကနေ့ဖေဖော်ဝါရီ၁၉ရက်နေ့မှာလည်း နွယ်အင်းကျေးရွာထဲက တောတိုက်(လယ်စောင့်တဲ)တွေကို မီးဆက်ရှို့နေတယ်လို့ ဒေသခံတွေကပြောပြပါတယ်။