ရေတာရှည်မှာ မြေမြုပ်မိုင်းနင်းမိလို့ ဒေသခံတဦးအပြင်းအထန် ဒဏ်ရာရ

ပဲခူးတိုင်း ၊ရေတာရှည်မြို့နယ် ၊ကဲလင်းဆိပ်အုပ်စုရွာသာရွာမှာဖေဖော်ဝါရီလ ၁၆ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးရင်းထောင်ထားခဲ့တဲ့မြေမြှုပ်မိုင်းကိုနင်းမိရင်းပေါက်ကွဲခဲ့ရာမှဒေသခံအမျိုးသားတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ရေတာရှည်မြို့နယ်၊ရွာသာကျေးရွာ ဒေသတစ်ဦးဖြစ်တဲ့အသက်၃၁ နှစ်အရွယ် ကိုဇော်မင်းဆိုသူဟာဖေဖော်ဝါရီလ ၁၆ ရက်၊မနက် ၆နာရီဝန်းကျင်ခန့်မှာ ရွာအရှေ့ငှက်ပျောခြံရှိရာကိုငှက်ပျော သီးခုတ်ဖို့သွားရောက်စဥ်ရွာအဝင်လမ်းမှာထောင်ထားတဲ့စစ်ကောင်စီရဲ့မြေမြှုပ်မိုင်းတစ်လုံးကိုတက်နင်းမိခဲ့ရာကအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိရတဲ့ရွာသာကျေးရွာသားတဦးကပြောပါတယ်။

” ရွာအဝင်အဝမှာမိုင်းပေါက်တဲ့အသံကြားလို့သွားကြည့်တာရွာကတစ်ယောက်ဖြစ်နေတယ်။ငှက်ပျောသီးခိုင်ခုတ်ဖို့ထွက်သွားရင်းမိုင်းနင်းခံရတာဒဏ်ရာပြင်းတယ်။ရေတာရှည်ဆေးရုံကိုပို့ထားရတယ်။”လို့သူကပြောပါတယ်။

ကိုဇော်မင်းဆိုသူဟာ စစ်ကောင်စီတပ်ရဲ့မြေမြှုပ်မိုင်းထိမှန်ခဲ့လို့ ညာဘက်ခြေထောက်ထိခိုက်ခဲ့တဲ့အပြင် ဘယ်ဘက်မျက်လုံးမှာလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သွားရောက်ကူညီပေးခဲ့တဲ့ကျေးရွာဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေကဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ရက်ကကဲလင်းဆိပ်ကျေးရွာကတဆင့်မိချောင်းအိုင်ကျေးရွာအုပ်စုကိုဝင်ရောက်စဥ်မှာကျေးရွာအဝင်လမ်းနေရာတွေအလိုက်မြေမြုပ်မိုင်းတွေထောင်သွားတာရှိခဲ့တယ်လို့ကဲလင်းဆိပ်ကျေးရွာဒေသခံတစ်ဦးကဆိုပါတယ်။

” မိချောင်းအိုင် ကျေးရွာဘက်ကိုစစ်ကြောင်းထိုးဖို့ရွာကနေစစ်တပ်တွေစစ်ကြောင်းဖြတ်သွားတယ်။ ရွာအဝင်လမ်းတွေမှာမိုင်းထောင်သွားခဲ့တယ်”လို့သူကပြောပါတယ်။

ယခုမြေမြုပ်မိုင်းနင်းခံရပြီးလူအထိအခိုက်ရှိခဲ့တဲ့ဖြစ်စဥ်ဟာစစ်ရေးတင်းမာနေတဲ့ရေတာရှည်မြို့နယ်အတွင်းပထမဦးဆုံးဖြစ်ပြီးဒေသခံတွေအနေနဲ့မိုင်းအန္တရာယ်သတိရှိကြဖို့ ရေတာရှည် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ(၄)ကအသိပေးထားပါတယ်။

ရေတာရှည်မြို့နယ်မှာဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၁၇ရက်နေ့အထိမိချောင်းအိုင်ကျေးရွာအုပ်စုက ဇရစ်ရိုးကုန်းနဲ့ ပင့်သီလာကျေးရွာမှာ  စစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားနေကာစစ်တင်းရေးမာနေဆဲဖြစ်တယ်လို့သိရပါတယ်။