စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလဲမှာ လူသားဒိုင်းအဖြစ် စစ်တပ်ကဖမ်းဆီးသွားတဲ့ ဒေသခံတဆယ့်ငါးဦး ပြန်မလွတ်သေး

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ကျေးရွာတွေကို အခုဖေဖော်ဝါရီ  ၁၅ ရက်စပြီးစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  ဒေသခံ ၁၅ဦးကိုဖမ်းဆီးသွားပြီး ဒီကနေ့ အထိပြန်မလွှတ်ပေးသေးဘူးလို့  ဒေသတွင်းသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ Pale Entertainment ပုလဲဒေသခံ ကိုနေသူရိန်ကပြောပါတယ်။

 

ဒီလ ၁၅ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ  စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့၊ ကျွန်းဘိုကုန်းရွာ နဲ့ နှောရိုးရွာက ဒေသခံ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားတွေကို စစ်အုပ်စုက ဖမ်းဆီးပြီး ပစ္စည်းတွေသယ်ဆောင်ဖို့ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

” ဖမ်းဆီးခံထားရတဲ့ ဒေသခံက ၁၅ ဦးလောက်ရှိမယ်။ ဒီနေ့အထိပြန်မလွတ်သေးဘူး။ စလင်းကြီးဖက်က ၃ ဦးလောက်လည်း ဖမ်းခံရပြီးပါလာတယ်လို့ ကြားတယ်။ အမျိုးသမီးတွေ မပါဘူး။အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသားတွေ အဖမ်းခံထားရတယ်။ အဓိကတော့ သူတို့ရဲ့ အထုပ်တွေကို သယ်ခိုင်းနေတာပေါ့ ” လို့ ကိုနေသူရိန်က ပြောပါတယ်။

ပုလဲနယ်ကို စစ်အုပ်စုရဲ့ စစ်ကြောင်းက ဒီလ ၁၂ ရက်နေ့မှာ စတင်ပြီး ကျေးရွာတွေကို စစ်ကြောင်းနေတာဖြစ်သလို ရက်သတ္တပတ်အတွင်း ကျေးရွာ ၃ ရွာလောက်က နေအိမ်တွေ မီးရှို့ခံထားရတယ်လို့ သူကဆိုပါတယ်။

အခုလထဲမှာပဲ ပုလဲမြို့နယ်၊မင်းတိုင်ပင်ရွာကို စစ်အုပ်စုက ၂ ရက်ကြာဝင်ရောက်ခဲ့ပြီးနောက် စာသင်ကျောင်းဆောင်(၂)ဆောင်၊ဆရာနားနေ‌ဆောင်(၁)ဆောင် နှင့် လူနေအိမ်(၈)လုံး မီးရှို့ဖျက်ခဲ့သလို ပြည်သူပိုင် ပစ္စည်းတွေကို အင်မထီးနှင့်ဇီးဖြူကုန်း ပျူစခန်းကို ခိုးယူသယ်ဆောင်သွားတယ်လို့ ပုလဲ ဒေသတွင်းသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ Pale Entertainment ကထုတ်ပြန်ထားပါတယ်။

ဒါအပြင် အဲဒီနေ့မှာပဲ ကိုင်းတွင်းရွာ လူနေအိမ်(၃)လုံးမီးရှို့ခဲ့တဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်ဖျာကန်ရွာက ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

လက်ရှိမှာလည်း စစ်အုပ်စုစစ်ကြောင်းက ပုလဲမြို့အနောက်မြောက်ဖက်ရှိ နွယ်အင်ရွာဖက်ကို စစ်ကြောင်းထိုးနေတာကြောင့် အနီးနားက ကျေးရွာတွေ စစ်ရှောင်နေရတယ်လို့ ကိုနေသူရိန်က ပြောပါတယ်။

Photo – Pale Entertainment