NUGရဲ့ ၂၀၂၃ စစ်ရေးစီမံချက် ဒုတိယအဆင့်စတင်၊ မကွေးနဲ့စစ်ကိုင်းက စစ်ရေးပစ်မှတ် ၃၅ခုကို တိုက်ခိုက်နိုင်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီလ ဒုတိယပတ်အစမှာ နိုင်ငံတဝန်းက စစ်ကောင်စီတပ်စခန်းတွေကို ဗဟိုစစ်ရေးကွပ်ကဲမှုစနစ်နဲ့ တိုက်ခိုက်မှုတွေ စတင်နေပြီလို့ NUG ကာကွယ်ရေး ဝန် ကြီးဌာနက အသိပေးပါတယ်။

ပစ်မှတ်အားလုံးကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်း မရှိပေမဲ့ စစ်ရေးရည်မှန်းချက် ပြည့်မီခဲ့တယ်လို့ NUG တာဝန် ရှိသူတွေကဆိုပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ရေးပစ်မှတ် ၃၅ ခုကို တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၇၅ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သလို မဟာဗျူဟာကျကျ ချိတ်ဆက်နိုင်မှု၊ စစ်ရေးကွပ်ကဲမှု စနစ် (Chain of Command) နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG ခေါင်းဆောင်တွေကရှုမြင်ကြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက “မဟာဗျူဟာကျ ဟန်ချက်ညီညီ” တိုက်ခိုက်နိုင်မှုလို့ သုံးနှု န်းပါတယ်။တနိုင်ငံလုံးမှာလည်း ဒီလိုတိုက်ခိုက်မှုတွေကို ဒီရက်ပိုင်းထဲ ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ ကနဦးကာလ၂၀၂၁ခုနှစ်၊ စုဖွဲ့မှုတွေပိုအားကောင်းလာတဲ့ ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲတွေနဲ့ အခုနှစ်ဆန်းပိုင်းတိုက်ပွဲတွေကို နှိုင်းယှဉ်ကြည့်ရင် တိုက်ပွဲပုံဖော်မှု တဆင့်တက်သွားပြီဆိုတာ မြင်သာနိုင်တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဦးနိုင်ထူးအောင်က DNA ကို ပြောပါတယ်။

“ဒီလို မဟာဗျုဟာမြောက် စစ်ဆင်ရေးပစ်မှတ်တွေကို တိုက်ခိုက်လာနိုင် ခြင်းဟာ အမိန့်ပေးကွပ်ကဲမှုစနစ်အသက်ဝင် လာတာရဲ့ ရလဒ်”လို့ သူက ပြောပါတယ်။

NUG က ၂၀၂၃ လက်ရှိတနှစ်တာကို တော်လှန်ရေးအဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ထားပါတယ်။ 

“One Year Plan” အရ ဒီလို “ဟန်ချက်ညီညီ” တိုက်ခိုက်မှုတွေကို တနိုင်ငံလုံးအနှံ့ဖော်ဆောင်သွားမှာဖြစ်ပြီး အခုထက် ပိုမိုအဆင့်မြင့်တဲ့ ထိုးစစ်တွေကို မကြာမိလုပ်ဆောင်သွားမယ်လို့ NUG စစ်ရေးအသိုင်းအဝိုင်းက  ပြောပါတယ်။ 

အဆိုပါစစ်ကိုင်းနဲ့ မကွေးက စစ်ရေးပစ်မှတ်တွေကို တပြိုင်တည်းတိုက်ခိုက်မှုဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ စစ်ရေးကွပ်ကဲမှု (Chain of Command) ကနေ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့တွေရဲ့ ကွပ်ကဲမှုတွေနဲ့ မဟာဗျူဟာကျကျ ဟန်ချက်ညီညီတိုက်ခိုက်ခဲ့တာပါ။ 

“လက်နက်တပ်ဆင်မှုတွေ၊ တပ်ဖြန့်မှုတွေ၊ Chain of Command တည်ဆောက်မှုတွေ ဒါတွေ အကုန်လုံးကို ရာခိုင် နှုန်းပြည့် ပြင်ဆင်ပြီးမှ လုပ်ရတဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးပေါ့၊ဒီလို တိုက်ပွဲတွေ ဖော်ဆောင်နေရင်း တပြိုင် နက်တည်းမှာပဲ ပိုမိုအားကောင်းတဲ့ Chain of Command တည်ဆောက်မှု၊  တပ်ဖွဲ့တခုနဲ့တခု ချိတ်ဆက်ပြီး တိုက်ပွဲဝင်မှု၊ Code of Conduct  ကျင့်ကြံလိုက်နာနိုင်မှုတွေ တပြိုင်တည်း ဆောင်ရွက်လျက်ရှိပါတယ်”လို့ NUG အစိုးရ၊ ပြောရေးဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ 

စစ်ရေးအရအမိန့်ပေးကွပ်ကဲမှုစနစ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံနိုင်နေပြီလို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ Chain of Command (ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ်) ဖြစ်ဖို့ တချို့ဒေသတွေမှာ အားစိုက်လုပ်ရမဲ့ အနေထား ရှိသေးတယ်လို့ NUG စစ်ရေးအသိုင်းအဝိုင်းက ရှင်းပြပါတယ်။ 

ဒါကစစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ရဲ့ ကွက်ကဲမှု အောက်က စစ်ရေးကွပ်ကဲမှုစနစ် (Chain of Command) တခုတည်းအောက်မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ PDF ၊ LDF တပ်ဖွဲ့တွေ မဟာဗျူဟာကျကျ ချိတ်ဆက်ပြီး ထိုးစစ်တွေ ဆင်နွှဲတဲ့ အနေအထားကို ရောက်ဖို့ စီစဉ်နေတာရဲ့ အစိတ် အပိုင်းတခုဖြစ်ပါတယ်။ 

NUGအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ် ရင်းပေါင်း ၃၀၀ ကျော် ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တပ်ရင်းပေါင်း ၄၀၀ ကျော်နဲ့ EAOs အဖွဲ့တချို့ဟာ စစ် ရေးကွပ်ကဲမှုစနစ်အောက်မှာ ပူးတွဲဆောင်ရွက်နေပြီလို့ဆိုပါတယ်။ 

“အရင်တုန်းက အဲဒါတွေဟာ ကိုယ့်ဒေသမှာ ကိုယ်နည်းကိုယ်ဟန်နဲ့ ချိတ်ဆက်ပြီးတော့ တိုက်ပွဲတွေ ဝင်နေကြတယ်၊ ခုတော့ တပြည်လုံးအတိုင်းအတာနဲ့ မဟာဗျူဟာချပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်တဲ့အခါမှာ chain of Command တခုတည်းအနေနဲ့ လုပ်ခြင်းအားဖြင့်ချိတ်တ်ဆက်မိမိနဲ့ ရန်သူကို တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်” လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။ 

စစ်ကိုင်းနဲ့ မကွေးက စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ် (၃၅)ခုကို အချိတ်အဆက်မိမိ၊ တချိန်တည်း တပြိုင်တည်း နေ ရာပေါင်းစုံက တိုက်ခိုက်နိုင်မှုမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်အဖွဲ့တွေ၊ PDF နဲ့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေ (LDF) စတဲ့ တပ်ဖွဲ့ပေါင်းများစွာ ပါဝင်တယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်း မြို့နယ် (၉)ခုက စစ်ရေးပစ်မှတ် (၁၆) ခုကို နှစ်ရက်အတွင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၄၄ ဦး သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သလို မကွေးတိုင်းကမြို့နယ် (၁၀)ခုမှာရှိတဲ့ စစ်ရေးပစ်မှတ် (၁၉) ခုကို တိုက်ခိုက်ရာ မှာစစ်ကောင်စီက ၃၁ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကဖော် ပြပါတယ်။

စစ်တပ်ရဲ့ စစ်ရေးဆိုင်ရာအခြေခံအဆောက်အအုံ အများအပြားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှု တွေကို NUG က One Year Plan ရဲ့ တတိယအဆင့် မစမှီ ဒုတိယအဆင့်မှာ စတင်ခဲ့တာပါ။ 

“ဒီ၈ရက်နေ့နဲ့ ၉ ရက်နေ့မှာ လုပ်ခဲ့တဲ့ The Coordinate Attacks (ညှိနှိုင်းထိုးစစ်ဆင်မှု) တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အားသာချက်၊ အားနည်းချက်တချို့တွေကို ပြန်လည်လေ့လာပြီး ရှေ့ဆက်ဖော်ဆောင်မဲ့ တိုက်ပွဲဗျူဟာတွေအတွက် အများကြီး ပြင်ဆင်သွားမှာဖြစ်ပါတယ်၊အားရကျေနပ်မှုလည်း ရှိတယ်”လို့ NUG အစိုးရပြောခွင့်ရ ကိုနေဘုန်းလတ်က ပြောပါတယ်။ 

NUG အစိုးရရဲ့  ၂၀၂၃ One Year Plan ဟာ ပထမအဆင့်မှာ အဆုံးအဖြတ်နှစ်အဖြစ် စီမံချက်ချပြင်ဆင်ခြင်း၊ ဒုတိ ယအဆင့်မှာ မဟာမိတ်အင်အားစုတွေနဲ့ မဟာဗျူဟာမြောက်စုစည်းတာ၊ လက်နက်တပ်ဆင်တာ၊ တပ်ဖြန့်တာ၊ လေ့ ကျင့်ပြင်ဆင်တာ၊ ဗဟိုကွပ်ကဲမှုစနစ်နဲ့ စတင်နိုင်ဖို့တွေ ပါဝင်ပါတယ်။ 

တတိယအဆင့်ကတော့ ဘက်ပေါင်းစုံက ထိုးစစ်ဆင်မှုတွေ လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ မကြာမီရောက် လာတော့မှာဖြစ်တယ်လို့ NUG တာဝန်ရှိသူတွေနဲ့ လက်အောက်ခံ တပ်ဖွဲ့တွေကပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင်တပ်ရင်း -၂ အပါအဝင် ပူးပေါင်းတပ်တွေဟာ မြောင်မြို့နယ်၊ ကျောက် ရစ်ရဲစခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ကျောက်ရစ်ရဲစခန်းဟာ စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလ ၈ရက်နဲ့၉ ရက်တို့မှာ တိုက်ခိုက်ခဲ့တဲ့ စစ်ရေးပစ်မှတ် ၁၆ ခုထဲကတခုဖြစ်ပါတယ်။

“အချိန်နဲ့ တိုက်ခိုက်ရတာမှာ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်မှုတွေ အားကောင်းလာတယ်လို့ မြင်ပါတယ်၊ NUG ရဲ့ အမိန့် ပေးစနစ်တွေ အားကောင်းလာမယ်ဆိုရင် ဒီနှစ်ထဲမှာတော့ တိုက်ပွဲတွေက လုံးဝကို ပြောင်းလဲလာနိုင်ပါတယ်”လို့ မြင်းခြံခရိုင်တပ်ရင်းတွေထဲက တပ်ရင်းမှူး သကြားက ပြောပါတယ်။ 

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကံပြားရဲစခန်းကိုလည်း မင်းဘူး-စကုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါဟာ NUG အစိုးရရဲ့ Chain of Command နဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ အဖွဲ့တာဝန်ခံ ဗိုလ်မိုးသီးကပြောပါတယ်။ 

ဗိုလ်မိုးသီးတို့ မင်းဘူး-စကုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင် စသဖြင့် ဧရာဝတီ မြစ် အနောက်ဘက်ခြမ်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ဒေသ – ၁ ရဲ့ ကွပ်ကဲမှုအောက်မှာပါဝင်ပါတယ်။ 

“NUG အစိုးရရဲ့ ကြေညာချက်အရ တိုက်ခိုက်ရေးစမယ် ဆိုကတည်းက အမြို့မြို့အနယ်နယ် ကိုယ့်ရဲ့ဒေသအလိုက် ခရိုင်အလိုက်ကို ကွပ်ကဲပြီးတော့ မှ ဘယ်လိုစီမံချက်တွေ ချမလဲ လုပ်ပြီးမှ လုပ်တာဖြစ်ပါတယ်” ဗိုလ်မိုးသီးက ပြော ပါတယ်။ 

NUG အစိုးရဟာ တစ်နိုင်ငံလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်မဲ့  ပြည်သူ့ခုခံတော်လှန်စစ် စတင်ပြီလို့ ၂၀၂၁ စက်တင်ဘာ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။အဲဒီ့နောက်နှစ် လနီးပါး အကြာမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ EAOs အချို့ ပါဝင်တဲ့ စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ကို ဖွဲ့စည်းခဲ့ပါတယ်။ 

စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (C3C) ဖွဲ့စည်းပြီး ၁၆ လနီးပါးအကြာ ၂၀၂၃ One Year Plan ရဲ့ ဒုတိယအဆင့်မှာ စစ်ရေး ကွပ်ကဲမှုစနစ် (Chain of Command) က စတင်အသက်ဝင်လာတာဖြစ်ပါတယ်။ 

ဒီဗဟိုကော်မတီရဲ့ အဆင့်ဆင့်ကွပ်ကဲမှုစနစ်အတွင်း စစ်တိုင်းကြီး (၅)တိုင်း၊ စစ်ဒေသတွေ စသဖြင့် ပါဝင်မှာဖြစ်ပြီး တိုက် ရည်ခိုက်ရည်အတွေ့အကြုံရှိသူတွေနဲ့ စုပေါင်းခေါင်းဆောင်မှုပုံစံ သွားမှာဖြစ်တယ်လို့ NUG စစ်ရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။ 

ဒီ C3C ဗဟိုကော်မတီရဲ့ ကွပ်ကဲညွှန်ကြားမှုနဲ့အတူ တနိုင်ငံလုံးမှာ ရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံဟာ NUG ရဲ့ One Year Plan အရ ဒီနှစ်ထဲ စစ်ကောင်စီကို ဘက်ပေါင်းစုံထိုးစစ်ဆင်မှုတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ 

အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်ရေးဆောင်ရွက်ချက်တွေ ပိုမိုထိရောက်စေဖို့ တပ်မဟာအဆင့် စုဖွဲ့မှုတွေ မကြာခင် စတင်ဆောင်ရွက်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က“PDF ရဲဘော်များသို့” အစီအစဉ်ကနေ အခုလ ဆန်းပိုင်းမှာ ပြောထားပါတယ်။ 

တော်လှန်ရေးအဆုံးသတ်နိုင်ဖို့အတွက် စစ်ရေးအရှိန်အဟုန်ကိုမဖြစ်မနေ မြှင့်တင်ဖို့လိုအပ်ပြီး အဲ့ဒီလို မြှင့်တင် လိုက်တာနဲ့အမျှ ပြည်သူတွေဆီလည်း သက်ရောက်မှုတွေရှိလာနိုင်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိ၊လုံခြုံရေး အသိ ရှိကြဖို့လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က DNA ကို ပြောပါ တယ်။ 

“ပြည်သူတွေရဲ့ ဒုက္ခတွေအနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပြီးတော့ တော်လှန်ရေးနိုင်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ ရင်ဆိုင်ရတဲ့ ဒုက္ခတွေကိုလည်း ကြံ့ကြံ့ခိုင်ရင်ဆိုင်ပေးဖို့အတွက် ပြည်သူတွေကို လေးစားစွာနဲ့ ပန် ကြား လိုပါတယ်”လို့ သူကပြောပါတယ်။ 

NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာာဝန်ရှိသူတချို့ကလည်း အလားတူပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ၊အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလတွေအတွင်း လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဖို့ကြိုတင် စီစဉ်ခဲ့တဲ့အတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊တပ်ဖွဲ့တွေအနေနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေလုပ်ခဲ့ပြီးပြီလို့ မြင်းခြံခရိုင် တပ်ရင်းတွေထဲက တပ်ရင်းမှူး သိကြားကပြောပြပါတယ်။

“လေ့ကျင့်ရေး ပြင်ဆင်မှုတွေ ပြီးဆုံးသွားတဲ့အခါမှာ ခုချိန်က စပြီးတော့ စစ်ရေးအရှိန် မြှင့်တင်မှုတွေကို စတင်လှုပ် ရှားလာတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ စစ်ရေးသတိ ရှိပြီးတော့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေထား ဖို့ သတင်းတွေကို အဆက်မပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်” လို့သူကပြောပါတယ်။